30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျနော်တို့ပို့ပေးလိုက်တဲ့ လူနာလမ်းကြောင်းတစ်ခုကနေ လူနာမိသားစု တစ်ယောက်ချင်းစီက ပြောထွက်လာတဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတခွန်းနဲ့တောင် ကျနော်တို့က ခွန်အားဖြစ်စေပါတယ်” အသက်၁၃ နှစ်အရွယ် ပရဟိတလူငယ်မောင်ဌေးအောင်ဟိန်း

“ကျနော်တို့ပို့ပေးလိုက်တဲ့ လူနာလမ်းကြောင်းတစ်ခုကနေ လူနာမိသားစု တစ်ယောက်ချင်းစီက ပြောထွက်လာတဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတခွန်းနဲ့တောင် ကျနော်တို့က ခွန်အားဖြစ်စေပါတယ်” အသက်၁၃ နှစ်အရွယ် ပရဟိတလူငယ်မောင်ဌေးအောင်ဟိန်း

တိုက်ပွဲကြားက လူမှုကူညီရေး၊ ပရဟိတလုပ်ဆောင်ပေးနေသူ အသက်၁၃ နှစ်အရွယ် ပရဟိတလူငယ် မောင်ဌေးအောင်ဟိန်းနှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်တွင် အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးသည် တိုက်ပွဲများအကြား ပရဟိတလုပ်ငန်းကို အင်တိုက်အားတိုက် လုပ်ကိုင်ဆောင်ရွက်နေသည်။ အများအကျိုးအတွက် လူမှုကူညီရေး၊ ပရဟိတလုပ်ငန်းများ ပါဝင်လုပ်ဆောင်သူအများစုသည် အရွယ်ရောက်သူ အသက်အရွယ်အားဖြင့် ၁၈ နှစ်ပြည့်ပြီးသူ အများပိုင်းကသာ လုပ်ကိုင်ဆောင်ရွက်မှုများကြသည်ကို တွေ့မြင်လေ့ရှိပါသည်။

အသက် ၁၃ နှစ်အရွယ် တိုက်ပွဲများအကြား ပရဟိတလုပ်ကိုင်နေသူ ပုဏ္ဏားကျွန်းမြို့ ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်းအသင်းမှ မောင်ကိုလတ် (ခေါ်) မောင်ဌေးအောင်ဟိန်းကို အသက်အရွယ်ငယ်ငယ်နှင့် ယခုကဲ့သို့ လူမှုကူညီရေး ပရဟိတလုပ်ငန်းများ၌ ပါဝင်လုပ်ကိုင်ဆောင်ရွက်သည့် သူ၏ရည်ရွယ်ချက်၊ သူကြုံတွေ့နေရ သည့် အခက်အခဲ၊ စိန်ခေါ်မှုများကို ဆက်သွယ်မေးမြန်းပြီး တင်ပြလိုက်ပါသည်။

မေး။ ။ ပထမဆုံး နာမည်နဲ့အသက်ကို မိတ်ဆက်ပေးပါ။

ဖြေ။ ။ ကျနော့်နာမည်က မောင်ဌေးအောင်ဟိန်းပါ။ ကိုလတ်လို့လည်း ခေါ်ကြပါတယ်။ အသက်ကတော့ ၁၃ နှစ်ပါ။

မေး။ ။ လက်ရှိအတန်းပညာကရော ဘယ်နှစ်တန်းရောက်ပြီလဲ။ အခု ဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ။ ။ ကျနော်က ပဥ္စမတန်းကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ ကျနော် လက်ရှိ ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်းအသင်းမှာ ပရဟိတအနေနဲ့ ပါဝင်ကူညီပေးနေပါတယ်။ ဒီအသင်းမှာ ကူညီနေတာ ၃ နှစ် လောက် ရှိပါပြီ။ ကျနော့် အသက် ၁၀ နှစ် ကတည်းကပေါ့။

မေး။ ။ ဘယ်လိုရည်ရွယ်ချက်ကြောင့် ဒီလိုပရဟိတအလုပ်ကို လုပ်ဖြစ်တာပါလဲ။

ဖြေ။ ။ ပထမတုန်းကတော့ ကားမောင်းတာတွေ၊ ယူနီဖောင်းတွေဝတ်ပြီး ဆေးရုံကလူနာ သယ်ယူမှု လုပ်တာတွေကိုမြင်လို့ လူငယ်သဘာ၀အရ ဝင်လုပ်တာပါ။ နောက်ပိုင်းမှာတော့ ကျနော်တို့အသင်းက ဒေသအတွက် အများကြီး အထောက်အပံ့လုပ်ငန်းစဥ်တွေကို လုပ်နေရတာကိုမြင်တော့ အကျိုးရှိတဲ့ လုပ်ငန်း တစ်ခု၊ ဒေသအတွက် မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းတစ်ခုလို့ မြင်မိတဲ့အတွက် ဒီပရဟိတကို ဆက်လုပ် ဖြစ်တာပါ။

မေး။ ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ပရဟိတလုပ်တာကို အိမ်ကမိဘတွေက ခွင့်ပြုပေးလား။

ဖြေ။ ။ ခွင့်ပြုပါတယ်။ ဘာလို့ခွင့်ပြုလဲဆိုတော့ အိမ်မှာထိုင်နေမယ့်အတူတူ ဒေသအတွက်အကျိုးပြုတဲ့ လုပ်ငန်းကို လုပ်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

မေး။ ။ တိုက်ပွဲကာလမှာ ဒီလိုပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ရတာ ဘာအခက်အခဲတွေရှိပါလဲ။

ဖြေ။ ။ တိုက်ပွဲကာလမှာ ကူညီမှုလုပ်ဆောင်ရတာက အခက်အခဲကကားပါ။ ကျနော်တို့လုပ်ငန်းဆောင်တာ တွေကို အင်တာနက်မရတာက တမျိုး။ တခြားလုံခြုံရေးအရ မတင်ဖြစ်တာတွေလည်း ပါတယ်။ အင်တာနက် မရတော့ Page က active မဖြစ်တော့ဘူး။ မဖြစ်တော့ အသင်းဝင်ငွေစီးဆင်းမှု မရှိတော့ဘူး။ ကားပျက်နေတဲ့ အခါ ကားတွေကို ဆိုင်တွေကို ပို့ထားရတာမျိုးရှိတယ်။

လူနာလာခေါ်တဲ့အခါ အဲဒီအချိန်ခါမှာ ကျနော်တို့ကားတွေပျက်နေတော့ နီးစပ်ရာပရဟိတ၊ ကိုယ်နဲ့ဆက်စပ် တဲ့လူတွေ၊ ငွေကြေးအဆင်ပြေတဲ့ အဖွဲ့အစည်းတချို့ကို အကူအညီတောင်းတော့ တဖက်ကကြတော့ Respond ပြန်ပြီး တဖက်ကကျတော့ Block ပစ်တာတွေ ရှိတယ်။ အဲလိုအခက်အခဲတွေ ရှိပါတယ်။ စိန်ခေါ်မှုတွေ ရှိပါတယ်။ အခုကာလမှာ လူနာတွေက ကျပ်တည်းတာတွေကို မြင်ရတာများတော့ ကျနော်တို့ သူတို့ကို စက်သုံးဆီဖိုး ပြန်မပေးနိုင်တဲ့အခါမျိုးတွေ ရှိတယ်။

မေး။ ။ မိဘတွေကရော အခုလက်ရှိမှာ ဘာတွေလုပ်ကိုင်စားသောက်နေကြလဲ။ ဘယ်မှာပါလဲ။

ဖြေ။ ။ ဖေဖေကတော့ ဘေးတွဲမောင်းတယ်။ မေမေကတော့ အလုပ်မရှိပါဘူး။ ကျနော်တို့မိဘတွေက စစ်ဘေးရှောင်နေကြပါတယ်။

မေး။ ။ တဖက်ကမိသားစုတွေ စစ်ဘေးရှောင်နေရတဲ့အချိန်မှာ မောင်လေးအနေနဲ့ ပရဟိတလုပ်ရတာ စိတ်ခံစားချက် အခြေအနေဘယ်လိုရှိလဲ။

ဖြေ။ ။ ပျော်ပါတယ်။ ပျော်တယ်ဆိုတာက မိသားစုနဲ့ခွဲနေရတာ မဟုတ်ပါဘူး။ လူတွေကို ကူညီပေးနေရ လို့ပါ။ တဖက်ကတွေးကြည့်ပြန်ရင်လည်း စိတ်မကောင်းပါ။ စိတ်အားငယ်ပါတယ်။ သိမ်ငယ်စိတ်တွေလည်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့က သူများတွေကို အကူအညီတွေ အထောက်အပံ့တွေ ပေးနေပေမယ့် ကိုယ့်မိသားစုအတွက် တပြားတချပ်မှ ကူညီမပေးနိုင်လို့ပါ။

မေး။ ။ ဒီလိုပရဟိတလုပ်ငန်းတွေလုပ်ဖြစ်အောင် ဘာတွေကတွန်းအားပေးတာပါလဲ။

ဖြေ။ ။ ကျနော့်ကို ပရဟိတလုပ်ငန်းလုပ်အောင် တွန်းအားပေးတာက ပြည်သူ့ခေါ်သံလို့ ပြောရမှာပဲ။ ပြည်သူ့ခေါ်သံဆိုတာက ပြည်သူတွေရဲ့ အကူအညီတောင်းသံတွေရယ်၊ ပြည်သူတွေဆီက အားပေးစကားတွေ ပြောတဲ့အသံတွေက ကျနော့်အတွက်ခွန်အား ဖြစ်စေပါတယ်။ ကျနော်တို့ ပို့ပေးလိုက်တဲ့ လူနာလမ်းကြောင်း တစ်ခုကနေ လူနာမိသားစု တစ်ယောက်ချင်းစီက ပြောထွက်လာတဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတခွန်း နဲ့တောင် ကျနော်တို့က ခွန်အားဖြစ်စေပါတယ်။

မေး။ ။ ဝါသနာကရော ဘာလဲ။ ကြီးလာရင် ဘာတွေဖြစ်ချင်လဲ။

ဖြေ။ ။ ကြီးလာရင် Online Vlogger ဖြစ်ချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ဖြည့်စွက်ပြီး ပြောချင်တာမျိုးရှိလား။

ဖြေ။ ။ ပြည်ပက အလှူရှင်တွေကို အကူအညီတောင်းချင်ပါတယ်။ အခုဆောင်းရာသီလည်း ရောက်ပြီ ဆိုတော့ အနွေးထည်၊ စောင်တွေ လိုအပ်တယ် စစ်ဘေးရှောင်တွေမှာ။ အနွေးထည် ဝယ်ဖို့ဆိုရင် မိသားစု တစ်စုမှာ အနည်းဆုံးသုံးထည်လောက် လိုအပ်တယ်ဆိုတော့ တန်ဖိုးတစ်သိန်းကျော်လောက် လိုပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်တွေအတွက် အကူအညီတောင်းချင်ပါတယ်။

နိရဉ္စရာ ပေးပို့သည်။