ဧရာ၀တီတိုင်း၊ သာပေါင်းမြို့မှ စစ်မှုထမ်းတပ်သားသစ်နှစ်ဦးသည် ရခိုင်ပြည်၊ အမ်းမြို့တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း မိဘများအား စစ်ကောင်စီက အကြောင်းကြားခဲ့သော်လည်း နောက်ပိုင်းတွင် တစုံတရာ သိရှိခွင့်မပေးတော့ဘဲ အဆက်အသွယ်ပြတ်နေသည်ဟု ၎င်းတို့နှင်နီးစပ်သူထံက သိရသည်။
ဒဏ်ရာရသွားသည့် စစ်မှုထမ်းတပ်သားသစ်နှစ်ဦးအနက် တစ်ဦးသည် ကျည်ဆံမှာ နံရိုးဘေးဖောက်ထွက် ဒဏ်ရာရရှိပြီး ကျန်တစ်ဦးမှာ လက်မောင်းထိမှန်ဒဏ်ရာရရှိသွားသည်ဟု ဆိုသည်။
၎င်းတို့ဒဏ်ရာရသည်ကို မိသားစုအား စစ်ကောင်စီက အကြောင်းကြားခဲ့သော်လည်း နောက်ပိုင်းတွင် အသိပေးခြင်းမရှိသဖြင့် မိသားစုများမှာ အထူးစိုးရိမ်နေကြသည်ဟု ၎င်းတို့နှင့် နီးစပ်သူ သာပေါင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဒဏ်ရာရပြီး အဆက်အသွယ်ထပ်မရတော့ မိသားစုတွေ အရမ်းစိုးရိမ်နေကြတယ်။ သူတို့နှစ်ဦးက သာပေါင်းမြို့၊ ရပ်ကွက် (၂) နှင့် (၃)တို့က စစ်မှုထမ်းအပါတ်စဉ် (၂) မှာ ပါသွားတဲ့ စစ်မှုထမ်းတပ်သားသစ် နှစ်ဦးပါ။ နိုဝင်ဘာလပထမပတ်က အမ်းမြို့တိုက်ပွဲ ရှေ့တန်းတနေရာတွင် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်မှုထမ်းတပ်သား အများအပြားလည်း အမ်းစစ်မြေပြင်တွင် သေဆုံးမှုများ ရှိနေသည်ဟုလည်း ၎င်းက ဆက်ပြောဆိုသည်။
“သာပေါင်းမြို့ထဲက ရပ်ကွက် ၂ နဲ့ ၃တင် မကဘူး။ တခြားရပ်ကွက်တွေကလည်း ရခိုင်တိုက်ပွဲတွေမှာ ကျတာတွေကို မိဘတွေကို အသိပေးတာရှိတယ်။ မပေးတာလည်း ရှိတယ်။ အခုဖြစ်နေတဲ့ အမ်းတိုက်ပွဲမှာ သာပေါင်း၊ ကျုံပျော်၊ ပုသိမ်ရပ်ကွက်တွေက စစ်မှုထမ်းကောင်လေးတွေ အများကြီးသေကြတယ် ကြားတယ်။ ကိုယ့်သားသေတာတောင် ကျယ်ကျယ်မပြောရဲတဲ့ဘဝအခုက” ဟု ၎င်းက ပြောသည်။
တပ်သားသစ်များ အများအပြား သေဆုံးနေသည်ဟု သတင်းများ ထွက်နေကြောင်း၊ လက်ရှိတွင်ဒဏ်ရာ ရသွားသူ စစ်မှုထမ်းနှစ်ဦး သေဆုံးသွားပြီဟု သတင်းများ ထွက်ပေါ်နေသော် လည်း ဆက်သွယ်မရ ဖြစ်နေကြောင်း နောက်ထပ်သာပေါင်းဒေသခံတစ်ဦးက ပြောသည်။
“တပ်သားသစ်တွေက နယ်စုံကလေ။ ရခိုင်ကို လေယာဉ်နဲ့ပို့တယ်။ ဟိုမှာတိုက်ပွဲက အသင့်လေ။ လူဟောင်း တွေတောင် သေနေကြတာ။ လူသစ် (တပ်သားသစ်)တွေက ဘူမသိကိုးမသိတွေလေ။ သေတာပေါ့” ဟု အဆိုပါသာပေါင်းဒေသခံက ပြောသည်။
လက်ရှိတွင် စစ်ရှုံးနေသည့် စစ်ကောင်စီ၌ စစ်မှုထမ်းလူလိုနေ၍ ဧရာဝတီတိုင်းတွင်းရှိ ကျေးရွာအုပ်စုများကို အပါတ်စဉ်အလိုက်မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးများက လူရသလောက် ပို့ပေးရမည်ဟု စစ်ကောင်စီက ဖိအားပေးနေသည်ဟု သိရသည်။
ရန်ကုန်၊ ဧရာဝတီ၊ မကွေးမြို့များရှိ စစ်မှုထမ်းသင်တန်းကျောင်းများတွင် စစ်ကောင်စီ စုဆောင်းထားသည့် စစ်မှုထမ်းများသည် ရခိုင်စစ်မြေပြင်သို့ အများဆုံးအပို့ခံထားရပြီး သေဆုံးမှုများပြားနေကြောင်း Burma Affairs & Conflict Study (BACS) က ထုတ်ပြန်ထားသည်။
မိခင်ကိုဆေးကုရန် ငွေကျပ် သိန်း ၆၀ ဖြင့် အစားထိုးဝင်ရောက်ခဲ့သည့် မကွေးတိုင်း အနောက်ခြမ်းမှ စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းဆင်း လူငယ်တစ်ဦးသည်လည်း သင်တန်းဆင်းပြီးနောက် ရခိုင်ပြည်၊ သံတွဲဘက်ကို ပို့ဆောင်ခံခဲ့ရပြီး အာရက္ခတပ်တော် (AA) နှင့် တိုက်ခိုက်ရသည့် တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြောင်း BACS မှ သိရသည်။
စစ်ကောင်စီစုဆောင်းထားသည့် စစ်မှုထမ်းများသည် ရခိုင်ပြည်နယ်ရှိ သံတွဲတိုက်ပွဲ၊ ဂွတိုက်ပွဲနှင့် မောင်တော တိုက်ပွဲများတွင် သေဆုံးမှုများရှိပြီး သံတွဲတိုက်ပွဲနှင့် ဂွတိုက်ပွဲတို့တွင် ထွက်ပြေးမှုများပင်ရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။
နိရဉ္စရာ ပေးပို့သည်။