ရခိုင်ပြည်နယ်စပ်ရှိ ဧရာ၀တီတိုင်းက ကျေးရွာများတွင် AA နှင့် PDF များ ဝင်လာမည်စိုး၍ လုံခြုံရေးတိုးမြှင့်ထား

By MPM 14 နိုဝင်ဘာ, 2024 👁

ရခိုင်ပြည်အစပ်ရှိ ဧရာ၀တီတိုင်းမှ ကျေးရွာများတွင် အာရက္ခတပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဝင်လာမည်စိုး၍ စစ်ကောင်စီက ယခုရက်ပိုင်းတွင် ကင်းလှည့်ကာ လုံခြုံရေးတိုးမြှင့်တင်းကြပ်ထားကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ဝါးခယ်မ၊ ကျုံပျော်၊ မြန်အောင်၊ ရေကြည်မြို့နယ်တို့တွင် AA နှင့် PDF များ ဝင်လာမည်ကိုအကြောင်းပြ၍ ဒေသခံပြည်သူများအပြင် မူလနေရခိုင်လူမျိုးများ၊ ရခိုင်မှရွေ့ပြောင်းလာသော စစ်ရှောင်များအား ဧည့်စာရင်းစစ်၍ ငွေညှစ်ခြင်း၊ လူငယ်များအား ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရေကြည်မြို့နယ်တွင် နေထိုင်သောအမျိုးသားတစ်ဦးက “ရေကြည်မြို့နယ်မှာတော့ အခုတော်တော်များများ စစ်ဆေးတာတွေ၊ ကင်းလှည့်တာတွေများနေတယ်။ ရခိုင်တွေဆိုရင် အရမ်းစစ်တယ်။ ဖမ်းတယ်။ စစ်မှုထမ်းဖို့ခေါ်တယ်။ ရခိုင်ကနေ AA နဲ့ PDF ဝင်လာမယ်လို့အကြောင်းပြပြီး အုပ်ချုပ်ရေးမှူးတွေနဲ့စစ်သားတွေ ငွေတွေ တောင်းနေကြတာပါ” ဟု ပြောသည်။

အဆိုပါမြို့နယ်များတွင် AA တပ်ဖွဲ့ဝင်များ ရောက်နေပြီဆိုဟု အကြောင်းပြပြီး စစ်ကောင်စီတပ်သည် မြို့၏ အတွင်းနှင့်အပြင် လုံခြုံရေးတင်းကြပ်လျက် ကင်းလှည့်ခြင်းများရှိနေကြောင်း သိရသည်။

ရခိုင်ပြည်မှ ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာသည့် စစ်ဘေးဒုက္ခသည်များအား ပုံမှန်ဧည့်စာရင်း စစ်နေသကဲ့သို့ မူလနေထိုင်သူများအားလည်း အသွားအလာစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ကျုံပျော်မြို့ဒေသခံအမျိုးသမီးတစ်ဦးက “ရခိုင်စစ်ရှောင်ဆိုရင် ဧည့်စာရင်းတိုင်ကြားရတာရှိသလို ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေဆီမှာ လက်မှတ်ထိုးပြီး နေထိုင်ရတာတွေလည်း ရှိတယ်။ အခုက အရင်နေထိုင်နေတဲ့ ရခိုင်စီးပွားရေးသမားတွေကိုပါ စစ်တပ်က စာရင်းကောက်နေပြီး လူငယ်လူရွယ်ဆိုရင် စစ်မှုထမ်းခိုင်းတယ်။ ငွေအများပေးနိုင်ရင် လွတ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းအတွင်း ဝင်လာနိုင်သည့် လမ်းကြောင်းများတွင် ယခုရက်ပိုင်း လုံခြုံရေး တင်းကြပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလအတွင်းကလည်း ရေကြည်မြို့နယ်နှင့် ရခိုင်ပြည်၊ ဂွမြို့နယ်အစပ်ရှိ နေအိမ်သုံးရာခန့်ကို နီးစပ်ရာရွာများတွင် ပြောင်းရွှေ့နေထိုင်ရန် စစ်ကောင်စီတပ်က ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာ ၈ ရက်နေ့မှ စတင်ကာ အဆိုပါကျေးရွာများသို့လည်း စစ်ကောင်စီက ဝင်ရောက်စစ်ဆေးမှုများ ရှိနေကြောင်းလည်း သိရသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တကျော့ပြန်တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစပြီး ဧရာ၀တီတိုင်းရှိ သာပေါင်း၊ ရေကြည်၊ ကြံခင်းနှင့် မြန်အောင်မြို့နယ်များရှိ ကျေးရွာတချို့တွင် ခမရ (၁၀၈)၊ ခလရ (၃၆)၊ ခလရ (၅၁) နှင့် အမတ (၃၄၄) တပ်များမှ စစ်ကြောင်းထိုးခြင်း၊ ကင်းပုန်းဝပ်ခြင်းအပြင် စစ်ဆေးရေးဂိတ်များပါ တိုးမြှင့်ချထားကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့အပါအဝင် တောင်ကုတ်၊ မောင်တောစသည့် ဒေသများတွင် AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီကလည်း ဧရာဝတီတိုင်းအတွင်းရှိ စစ်သင်တန်းဆင်း တပ်သားအများစုကို ရခိုင်စစ်မျက်နှာဆီ ပို့ဆောင်နေကြောင်းလည်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။