ချောင်းဆုံ ကျောက်မီးသွေးစီမံကိန်း စတင်အကောင်ထည်ဖော်နိုင်ခြင်းမရှိသေး

By MPM 14 နိုဝင်ဘာ, 2024 👁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့် ဒရယ်ကျေးရွာကြားတွင်ဆောက်လုပ်မည့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို စစ်ကောင်စီအဖွဲ့တို့ စတင်အကောင်ထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံတို့မှတဆင့် သိရသည်။

ချောင်းဆုံမြို့နယ်တွင် တရုတ်ကုမ္ပဏီနှင့် ချိတ်ဆက်ပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းတစ်ခု အကောင်ထည်ဖော် ဆောက်လုပ်သွားမည်ဟု စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ယင်းနောက် ဇူလိုင်လဆန်းပိုင်းတွင် စက်ရုံဆောက်လုပ်ရန်အတွက် ဓနိတောမြေဧကပေါင်း ၆၀ ဝန်းကျင်ကို ဒေသခံတို့ထံ တစ်ဧက သိန်း ၅၀ ကျပ်နှုန်းဖြင့် ခြိမ်းခြောက်ဝယ်ယူထားပြီးနောက် ယခုပွင့်လင်းရာသီတွင် စီမံကိန်း စတင်အကောင်အထည်ဖော်လာနိုင်သည်ဟု တွက်ချက်ထားသော်လည်း လက်ရှိအချိန်အထိ လှုပ်ရှားမှု တစုံတရာမရှိသေးကြောင်း ဒရယ်ဒေသခံနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“သူတို့ဘာလုပ်ငန်းမှ မစရသေးဘူး။ သူတို့ဝယ်ထားတဲ့မြေအတွက် ပိုက်ဆံကိုလည်း ဒေသခံတွေကို အကုန်လုံးပေးပြီးသွားပြီးလို့ ပြောတာပဲ၊ အခုက သူတို့လည်း ငြိမ်နေတယ်။ ဘာလှုပ်ရှားမှုလည်း မရှိနေဘူး” ဟု ဆိုသည်။

အဆိုပါ ဝယ်ယူထားသည့် ဓနိတောမြေတို့ကို ငွေပေးချေရန် ကျန်ရှိနေသေးသည့်အပြင် စစ်ကောင်စီအဖွဲ့မှပေးသည့် ငွေကြေးတန်ဖိုးအတိုင်းသာ ရရှိနေသည်ဟု ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

ထို့အပြင် ကျောက်မီးသွေးစီမံကိန်းကို မည့်သည့်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်မည့်အကြောင်းအပြင် စီမံကိန်းနှင့် ပတ်သက်သည့် အချက်အလက်သေးစိတ်ကို ဒေသခံတို့ထံ တစုံတရာ ပြောဆိုထားခြင်းမရှိကြောင်း သိရသည်။

ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေကြောင့် အဆိုပါကျောက်မီးသွေးစီမံကိန်းကို ဒေသခံတို့က လက်မခံကြောင်း ဆန္ဒထုတ်ဖော် ကန့်ကွက်ချင်သော်လည်း နိုင်ငံရေးအခြေအနေတို့ကြောင့် လွတ်လပ်စွာ ကန့်ကွက်ပြောဆိုရန် ခက်ခဲနေသည်ဟု ချောင်းဆုံဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ဒီအချိန်က သူတို့ရဲ့ (စကစ) သေနတ်ပြောင်းဝမှာပဲ ရှိနေသလို ဖြစ်နေတယ်လေ။ ဆိုတော့ ကန့်ကွက်ဖို့ ဘယ်သူက ရှေ့ထွက်ရဲမှာလဲ ဘယ်သူဦးဆောင်ရဲမှာလဲပေါ့၊ အရင်က ရေးကျောက်မီးသွေးကိစ္စဆို ကိုယ့်မှာ လွှတ်တော်အမတ်တွေ ရှိတယ်လေ။ ဒီလိုအချိန်မျိုးမှာ ဘယ်လိုကန့်ကွက်ကြဖို့လဲ” ဟု ၎င်းက ပြောသည်။

ကျောက်မီးသွေးစီမံကိန်း အကောင်အထည်ဖော်မည့်နေရာသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဇာတိရွာဖြစ်သည့် ကွမ်ရိုက်ကျေးရွာမှ ကားဖြင့်သွားပါက နာရီဝက်ခန့်သာကြာမြင့်ကြောင်း ဦးအောင်ကြည်သိန်းက ၎င်း၏အကျိုးစီးပွားအတွက် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ပြောဆိုမှုလည်း ရှိနေသည်။

အကယ်၍ ချောင်းဆုံတွင် ကျောက်မီးသွေးစက်ရုံစီမံကိန်း အကောင်အထည်ဖော်ဖြစ်ပါက ကျောက်မီးသွေးစက်ရုံ၏ ဆိုးကျိုးကို ချောင်းဆုံသာမက ပတ်ဝန်းကျင်ရှိ မော်လမြိုင်နှင့် ပေါင်မြို့နယ်တို့တွင်လည်း တွေ့ကြုံခံစားလာရနိုင်သည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာသူတို့က သုံးသပ်ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း ရေးမြို့နယ် အံဒင်ကျေးရွာတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားသုံးပေး စက်ရုံတည်ဆောက်ရန် လက်မှတ်ရေးထိုးထားသော်လည်း ဒေသခံတို့၏ ကန့်ကွက်မှုကြောင့် လက်ရှိအချိန်အထိ စီမံကိန်း ရပ်နားထားရသည်။

IMNA ပေးပို့သည်။