သျှမ်းပြည် မိုင်းရယ် – လားရှိုး သွားသည့်လမ်းပိုင်းကို စစ်ကောင်စီက နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၂ နာရီမှစ၍ ဟိုယ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ရက်အကန့်အသက်မရှိ ပိတ်ထားကြောင်း ပိတ်လိုက်ကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။
ဒေသခံအမျိုးသားတစ်ဦးက “မနေ့က (နိုဝင်ဘာလ ၁၃ ရက်) စပြီး သူတို့ပိတ်လိုက်တာ။ လိုင်းကားတွေရော ကားကြီးတွေရော အကုန်ပေးမသွားတော့ဘူး။ ဟိုယက စစ်ဆေးရေးဂိတ်မှာ ပိတ်လိုက်တာ။ လားရှိုးကနေ လာလည်းမရဘူး၊ သွားလို့လည်း မရဘူး။ တိုင်းဗျူဟာမှူးကိုယ်တိုင် လုပ်ခိုင်းတာတာလို့ ပြောတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ ပိတ်လိုက်သည့်အတွက် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်သည့် လားရှိုးဒေသထဲတွင် နေထိုင်သည့် ပြည်သူများအတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်နိုင်ကြောင်း၊ ထို့ပြင် စစ်ကောင်စီက လားရှိုးကို မြေပြင်ထိုးစစ်ဆင်မှု စတင်လာနိုင်ကြောင်း သျှမ်းမြောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်တစ်ဦးက ပြောသည်။
“အခုက စစ်ကောင်စီ လားရှိုးကို ရိက္ခာဖြတ်လိုက်တာ။ လမ်းကြော တခုမဟုတ်တခုတော့ ရှာရမှာပေါ့လေ။ ပြည်သူတွေလည်း ပြေးစရာနေရာမှ မရှိတော့တာ။ ပြေးလည်း လုပ်စားလို့မရတော့ စားဝတ်နေရေးက ပိုကြပ်တည်းတာပေါ့” ဟု ၎င်းက ပြောသည်။
ထိုပြင် နိုဝင်ဘာလ ၁၃ ရက်နေ့ ည မိုင်းရယ်မြို့နယ် ဟိုယရွာ အနီးတစ်ဝိုက်တွင် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိ၌ မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတို့ သွားလာလှုပ်ရှားနေကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။