ကချင်ပြည်နယ် မြစ်ကြီးနား- ကန်ပိုက်တည်လမ်းပိုင်းကို တရုတ်နိုင်ငံဘက်က နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပေမယ့် ကန့်သတ်ချက်များရှိနေသေးသည်ဟု အဆိုပါလမ်းပိုင်း၌ ယာဉ်မောင်းနေသူများက ပြောဆိုသည်။
မြစ်ကြီးနား-ကန်ပိုက်တည်လမ်းပိုင်းကို စစ်ရေးအခြေနေကြောင့် ပြီးခဲ့သည့် ဩဂုတ်လကစ၍ ပိတ်ထားခဲ့ပြီးနောက်တွင် တရုတ်ဘက်က နိုဝင်ဘာလ ၆ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။
သို့သော် စစ်ကောင်စီတပ်ဘက်က ခရီးသည်များ သွားလာခွင့်၊ စက်သုံးဆီကားကြီး ဖြတ်သန်းခွင့်မပြုဘဲ ကန့်သတ်ထားသည်ဟု မြစ်ကြီးနား- ကံပိုက်တည် ယာဉ်မောင်းသူတစ်ဦးက ယခုလိုပြောဆိုသည်။
“ကန်ပိုက်တည်က ပြန်ဖွင့်ပေမယ့် လူမရပါဘူးကွာ၊ ကားပေါ်မှာ ကားသမားနဲ့ စပယ်ယာပဲ လူနှစ်ယောက်ထက် ပိုမပါရဘူး ခရီးသည်ပါရင် ဗလမင်းထင်နဲ့ ဝိုင်းမော်ကနေ လှည့်ပြန်ခိုင်းတယ်” ဟု အသက် ၃၀ ကျော်အရွယ် ယာဉ်မောင်းသူက ပြောသည်။
စစ်ကောင်စီတပ်က မြစ်ကြီးနား-ဝိုင်းမော်ကို ဆက်သွယ်ထားသော ဗလမင်းထင်တံတားတွင် စစ်ဆေးမေးမြန်းနေပြီး ကံပိုက်တည်ဘက်ကို တက်သည့်ခရီးတင်ကားတွေ ခရီးသည်တင်ခွင့် ကန့်သတ်နေသည်ဟု ဆိုသည်။
ယင်းအပြင် ကံပိုက်တည်မြို့တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က ကံပိုက်တည်ကနေထွက်ခွာမည့် ခရီးသည်နှင့် စက်သုံးဆီတင်ကား၊ ကုန်ကားကြီးများကိုလည်း တားမြစ်ထားပြီး လူသုံးကုန်ပစ္စည်းတချို့ကို ကားအသေးနှင့်သာ တင်ခွင့်ပြုနေသည်ဟုလည်း နောက်ထပ်ယာဉ်မောင်းတစ်ဦး အခုလိုပြောပါသည်။
“အခုက ဘယ်လိုကားတွေသွားလဲဆိုတော့ ကားသေးလေးတွေပါ။ Alphard တို့လို ကားတွေသွားတယ် ဆပ်ပြာမုန့်တို့၊ သွားတိုက်ဆေး၊ ဆပ်ပြာတို့ အချိုရှည်တို့လောက်ပဲ တင်ခိုင်းတာ။ လူသုံးကုန်လောက်ပဲ ဒါတောင် ကားကြီးနဲ့မရဘူး” ဟု ၎င်းက ဆိုသည်။
မြစ်ကြီးနား – ကန်ပိုက်တည်လမ်းပိုင်း ပြန်ဖွင့်ပေးလိုက်သည့်အတွက် မြစ်ကြီးနားမြို့တွင် တရုတ်ဘက်ကဝင်လာသည့် လူသုံးကုန်ပစ္စည်း အနည်းငယ်စျေးပြန်ကျလာသည်ဟု မြစ်ကြီးနားဒေသခံတို့က ပြောပါသည်။
သို့သော် စက်သုံးဆီကို ကန့်သတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့တွင် ဓာတ်ဆီတစ်လီတာ ကျပ် ၉၀၀၀ (ကိုးထောင်) နဲ့ ၁၀၀၀၀ (တစ်သောင်း) ကြားတွင် ရှိနေသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်သည့် ကန်ပိုက်တည်ဂိတ်ကို လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဦးဇခုန်တိန့်ယိန့် နယ်ခြားစောင့်တပ်ဖွဲ့အများအပြား တပ်ထိုင်ထားကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်နိမိတ်ချင်းဆက် ကချင်အထူးဒေသ (၁) မြို့တော်ပန်ဝါမြို့ကို KIA နှင့် ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နယ်စပ်ဂိတ်အားလုံးကို တရုတ်ဘက်က ရုတ်တရက်ပိတ်လိုက်ပေမယ့် ကန်ပိုက်တည်ဂိတ်တစ်ခုသာ ပြန်ဖွင့်ပေးထားပေးခြင်းလည်းဖြစ်သည်။
KNG ပေးပို့သည်။