တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ် အထူးစီးပွားရေးဇုန်ဧရိယာထဲကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သည် ကျေးရွာအတွင်းရှိ ဒေသခံနှစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောဆိုသည်။
အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၇ ရက်နေ့ကစ၍ လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာကို ဖြတ်ကျော်လာပြီး ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသထဲ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောပြသည်။
နဘုလယ်ဒေသထဲကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၉ ရက်နေ့တွင် မူးဒူးကျေးရွာက အသက် ၅၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို လူးသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်သွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါသည်။
ထိုသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နဘုလယ်၊ လဲရှောင်၊ ပရဒတ်နှင့် မူးဒူး စသည့်ကျေးရွာလေးရွာက ထောင်နှင့်ချီသော ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဟု ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံများသည် နီးစပ်ရာကျေးရွာများနှင့် တောတောင်များထဲ၌ တိမ်းရှောင်နေရခြင်းကြောင့် စားနပ်ရိက္ခာနှင့် နေထိုင်ရေးတွင် အခက်အခဲဖြစ်နေကြကြောင်း ပြောဆိုကြသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၅ ရက်နေ့ကတည်းက မောင်းမကန်နယ်မြေရဲစခန်းကို ရောက်ရှိနေတာဖြစ်ပြီး ယင်းနောက် ရေဖြူမြို့နယ် နဘုလယ်ဒေသထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။