နာဂဒေသမှ စစ်မှုထမ်းပါသွားသူတစ်ဦး သေဆုံး၊ ကျန်ရှိသူများ အဆက်သွယ်ပြတ်နေ

0
149
ပုံစာ - စစ်မှုထမ်းသင်တန်းတခုမြင်ကွင်း။

စစ်ကိုင်းတိုင်း၊ နာဂဒေသ လဟယ်မြို့ရှိ စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းသွားသူများထဲမှ တစ်ဦး သေဆုံးခဲ့ပြီး အများစုသည်လည်း မိသားစုနှင့် အဆက်အသွယ်မရရှိသောကြောင့် စိုးရိမ်နေကြသည်ဟု မိသာစုဝင်များထံမှ သိရသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှ စစ်ကောင်စီ၏ စစ်မှုထမ်းသို့ မိမိဆန္ဒဖြင့်သွားသူတစ်ဦး ရှေ့တန်းတွင် သေဆုံးသွားသည်ဟု နီးစပ်သူဆွေမျိုးတစ်ဦးက ယခုလိုပြောသည်။

“ကျတာတော့ အရင်လက ကျတာ။ သိတာတော့ ဒီလထဲမှသိတာ။ သူက ကလေးမြို့မှာ တာဝန်ရှိတာ။ တချို့က မန္တလေးမြို့မှာကျသလို ဟားခါးဘက်မှာကျသလို ပြောတယ်။ သူတို့က စစ်ကူဆိုပြီးလွှတ်လိုက်တာ သွားကြတာ။ ပြီးတော့ ကျန်တဲ့ဟာတွေလည်း ကျတယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲတွင် ကျဆုံးသွားသူမှာ ကလေးသုံးဦးဖခင်ဖြစ်ပြီး အောက်တိုလထဲတွင် ကျဆုံးသွားခြင်းဖြစ်သော်လည်း မိသားစုဝင်များမှာ ၎င်းကျဆုံးသွားသည့်သတင်းကို ယခုနိုဝင်ဘာလပထမပတ်ထဲမှ သတင်းရရှိခြင်းဖြစ်သည်ဟု အဆိုပါနီးစပ်သူဆွေမျိုးက ပြောသည်။

လဟယ်မြို့မှမိမိဆန္ဒဖြင့် စစ်ကောင်စီစစ်မှုထမ်းခေါ်ယူမှုတွင် သွားရောက်သူ အယောက် ၄၀ ကျော်ရှိပြီး အားလုံးမှာ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေသည်ဟု ၎င်းက ပြောဆိုသည်။

လဟယ်မြို့မှ ရပ်မိရပ်ဖတစ်ဦးက “ဟိုတလောတုန်းကတော့ အဆက်အသွယ် တချို့ရတယ်ပြောတယ်။ ဒါပေမယ့် အများပိုင်းတော့ မရဘူးပြောတယ်။ တစ်ယောက်ကတော့ ကျသွားပြီးပြောတယ်။ ကျန်တဲ့လူတွေကတော့ အဆက်အသွယ် မရသေးဘူးပြောတယ်။ တချို့က ကျသွားတာလား၊ တော်လှန်ရေးတပ်တွေ ဖမ်းတဲ့ထဲ ပါသွားတာလား သူတို့သွားတဲ့နေရာပေါ် မူတည်တာပေါ့” ဟု ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်အသက်သွင်းပြီးနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နန်းယွန်းမြို့ နယ်၊ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့မှ ပြည်သူများထဲမှ တချို့မှာ မိမိဆန္ဒအလျောက် စစ်မှုထမ်းသူများ ရှိခဲ့သည်။

စစ်မှုထမ်း ပထမသုတ်နှင့် ဒုတိယသုတ်အထိ နာဂဒေသတွင်းမှ စစ်မှုထမ်းသွားသူ အယောက် ၁၀၀ ကျော်ရှိသည်ဟု ရပ်မိရပ်ဖများက ပြောသည်။

လဟယ်မြို့နယ်ထဲမှ စစ်မှုထမ်းသွားသူများအနက် မိမိဆန္ဒအလျောက်သွားသူများကို မြို့နယ်ထွေအုပ်ရုံးမှ ကျပ် ၁၀ သိန်းထိပေးခဲ့ကြောင်း ရပ်မိရပ်ဖများက ဆက်ပြောသည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နန်းယွန်းမြို့နယ်၊ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့မှ စစ်မှုထမ်းသွားသူများ အားလုံးနီးပါး ရှေ့တန်းသို့ ပို့ခံထားရသည်ဟု ဒေသခံတို့ကြား ပြောဆိုနေကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here