မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ပွင့်လင်းရာသီတွင် တိုက်ပွဲအရှိန်မြှင့်တင်သွားမည်ဟုဆို

0
118

စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းပြီး ပွင့်လင်းရာသီတွင် တိုက်ပွဲအရှိန်မြှင့်တင်သွားမည်ဟု မွန်တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူတို့ပြောဆိုမှုအရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နှင့် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အပါအဝင် မွန်တော်လှန်ရေးတပ်ဖွဲ့ ၆ ဖွဲ့ထက်မနည်း ပေါ်ပေါက်လာခဲ့သည်။

လက်ရှိတွင် အင်အားကြီးမွန်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် NMSP-AD၊ MSRF၊ MSDF နှင့် MLA တို့က စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေသလို မွန်တော်လှန်ရေးတပ်အားလုံးကနေ တပ်ပေါင်းစုတစ်ခုအသွင် ဖြစ်ပေါ်လာရေးကိုလည်း ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

မွန်တော်လှန်ရေးတပ်များအားလုံး ပူးပေါင်းပြီး မဟာဗျူဟာကျသည့် တပ်ပေါင်းစုတစ်ခု တည်ဆောက်နိုင်မှသာလျှင် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်နိုင်မည်ဟု မွန်တော်လှန်ရေးတပ်ဖွဲ့တို့က ယုံကြည်နေကြသည်။

မွန်ပြည်နယ်အပါအဝင် မွန်တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားရာ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် ပွင့်လင်းရာသီ၌ စုပေါင်းမှုအားကောင်းလာသည့် မွန်တော်လှန်ရေးတပ်ဖွဲ့တို့က ပိုမိုပြင်းထန်သည့်တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် ပြင်ဆင်နေသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

“ဒီလာမဲ့ ပွင့်လင်းရာသီမှာ တိုက်ပွဲအရှိန် မြှင့်တင်နိုင်ဖို့အတွက် မွန်လက်နက်ကိုင်တွေအားလုံး ပေါင်းစည်းပြီး အတူတကွ တိုက်ပွဲဝင်သွားဖို့ကို ကျနော်တို့ ဆွေးနွေးညှိနှိုင်းနေတာ ဖြစ်တယ်။ အဓိကကတော့ ဗျူဟာမြောက်၊ မဟာဗျူဟာကျတဲ့ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့အတွက်ပါ။ တိုက်ပွဲတွေကို တစ်ခါပဲတိုက်တယ်။ ဒရုန်းတွေနဲ့ လက်နက်ကြီးတွေနဲ့ပဲ ပစ်ချနေတဲ့အဆင့်လောက်ပဲဆိုရင် သိပ်အားမရပါဘူး။ အဲထက် ပိုကောင်းတဲ့ ဗျူဟာမြောက်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့ ပူးပေါင်းမှုတွေ ပြင်ဆင်ထားမှုတွေ လိုအပ်တယ်။ ကျနော်တို့ကတော့ ပြင်ဆင်နေပါတယ်” ဟု ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

ဆက်လက်ပြီး ဒေါက်တာသီရိမွန်ချမ်းက “ဒီပူးပေါင်းမှုတွေ ပေါင်းစည်းမှုတွေ အရှိန်ကောင်းလာပြီဖြစ်တဲ့အတွက် ဒီလာမဲ့ပွင့်လင်းရာသီမှာ ယခင်နှစ်တွေထက် တိုက်ပွဲဖော်ဆောင်သွားဖို့ ရှိတယ်။ ကျနော်တို့ကလည်း ယခင် အခြေအနေတွေထက် အင်အားကောင်းလာနေပါတယ်။ အရင်နှစ်တွေနဲ့ အဆပေါင်းများစွာ အရှိန်မြင့်လာဖို့ ရှိတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားတာနဲ့ မွန်တော်လှန်ရေးအဖွဲ့တွေနဲ့အတူ ပူးပေါင်းလှုပ်ရှားမဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကလည်း အဆင်သင့်စောင့်နေကြပါတယ်” ဟု ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း မွန်တော်လှန်ရေးအင်အားစုများ၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပူးပေါင်းသည့် စစ်ရေးလှုပ်ရှားမှုလည်း တစ်စထက်တစ်စ ကျယ်ပြန့်လာလျက်ရှိသည်။

တဖက်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့တို့၏ ထိုးစစ်ကို ခုခံနိုင်ရန် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာ၊ စစ်ကြောင်းထိုးတာကို ဆက်တိုက်ပြုလုပ်လာနေကြောင်း သိရသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ဒေသအချို့တွင် တိုက်ပွဲပြင်းထန်နေလျက်လည်း ရှိနေသည်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက “စစ်ကြောင်းထိုးလာတဲ့ နေရာဒေသတွေကို တော်လှန်ရေးအဖွဲ့တွေကလည်း သွားရောက်တိုက်ခိုက်မှာဖြစ်တဲ့အတွက် ဒီမွန်ပြည်နယ်မှာတော့ နည်းနည်း ထိခိုက်ပျက်စီးမှုတွေ ရှိလာနိုင်တယ်။ ဒါတွေကို နက်ဖြန်၊ သဘက်ခါဆိုရင် ဖြစ်လာမယ်လို့ ပြောတာမဟုတ်ဘူး။ ဖြစ်လာဖို့ရှိတယ်လို့ ဆိုလိုတာပါ” ဟု ပြောသည်။

ဆက်လက်၍လည်း “ရန်ကုန် – မော်လမြိုင် ကားလမ်းတလျှောက်ရော၊ မော်လမြိုင် – ရေး ကားလမ်းတလျှောက်နဲ့ တခြားတော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာဒေသတွေမှာရှိတဲ့ ဒေသခံပြည်သူတွေက စစ်ဒဏ် ခံရနိုင်ဖွယ်ရှိတယ်။ ဒါတွေကိုလည်း နိုင်ငံတကာ စစ်ဘေးအကူအညီပေးနေတဲ့အဖွဲ့တွေကို တင်ပြဆွေးနွေးထားတာရှိတယ်” ဟု နိုင်နဂါးက ဆက်ပြောဆိုသည်။

လတ်တလောတွင်လည်း သထုံခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲအရှိန် မြင့်လာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ရှိသည့် နေရာ၊ တပ်စခန်း၊ ကင်းစခန်းနှင့် အနီးနား နေထိုင်ခြင်းကို ရှောင်ရှားကြရန်၊ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန် တော်လှန်ရေးတပ်ဖွဲ့တို့က သတိပေးတိုက်တွန်းထားသည်ဟု ဒေသခံတို့က ပြောဆိုသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here