ကရင်နီ (ကယား) ပြည်တွင်ရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များအချင်းချင်းကြား ညီညွတ်မှုနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်ကြရန်လိုသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး – (၁) ဦးအောင်ဆန်းမြင့်က ပြောဆိုလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ နိုဝင်ဘာ ၅ ရက်နေ့တွင် ပြုလုပ်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ၊ ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်သည့် “ပူးတွဲသတင်းစာရှင်းလင်းပွဲ” တွင် ဦးအောင်ဆန်းမြင့်က ဖြေကြားပြောဆိုခြင်းဖြစ်သည်။
ဦးအောင်ဆန်းမြင့်က “ပထမဦးဆုံး ကျနော်တို့ပြောင်းလဲချင်တဲ့ ဖက်ဒရယ်နိုင်ငံတော်သစ်ကိုသွားတဲ့အခါမှာ ပထမဦးဆုံးရှင်းလင်းရမှာက အကြမ်းဖက်စစ်တပ် ချုပ်ငြိမ်းရေးပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျနော်တို့ကြားထဲမှာ အားလုံးက အတူတကွလျှောက်လှမ်းကြဖို့တော့ လိုပါတယ်လို့ ကျနော်ပြောချင်တယ်” လို့ ပြောသည်။
ကရင်နီပြည်တွင် လူဦးရေ ၃ သိန်းခန့်သာ ရှိသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်အတွင်း ပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့ထက်မနည်း ရှိလာသည်။
ကရင်နီပြည်တွင် ယခင် မူလကတည်းက လက်နက်ကိုင်တပ်ဖွဲ့ ၅ ဖွဲ့ ထက်မနည်းရှိနေသည်။
ယခု ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းလိုက်ကြောင်းကို KNA က ထုတ်ပြန်ခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့၏ နိုင်ငံရေးဦးတည်ချက်၊ မျှော်မှန်းချက်များသည် “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး” တစ်ခုသာဖြစ်သည်ကို တွေ့ရှိရသည်။
ပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များလာတာကြောင့် ကရင်နီလူထုအတွက် မလိုလားအပ်သည့်ပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေရသည်ဟု ကရင်နီပြည်၊ ဖရူဆိုမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။
“စစ်အာဏာရှင်တိုက်ဖျက်ရေးဆိုတဲ့ခေါင်းစဥ်ကို အလွှဲသုံးစားလုပ်မှာကို ကြောက်တယ်ပေါ့နော။ ပြည်သူတွေရဲ့ အသံတွေ ပြည်သူတွေရဲ့ဆန္ဒ တကယ်ဘယ်လိုရှိလဲဆိုတာ သူတို့တကယ်ရော နားထောင်ပါ့မလား။ သူတို့ ဖြစ်ချင်တာပဲလုပ်သွားမယ့် အဖွဲ့အစည်းမျိုးလားပေါ့။ လက်ရှိမှာ ပြည်သူတွေကလည်း ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ အချိန်မှာ တခြားသောပြဿနာပေါ်လာမှာကိုလည်း မလိုလားကြဘူးပေါ့နော အဓိက ဒါတွေကို စိုးရိမ်တာတွေ ရှိပါတယ်” လို့ အဆိုပါဒေသခံက ပြောသည်။
နွေဦးတော်လှန်ရေးတွင် ကရင်နီပြည်တွင်းက လက်နက်ကိုင်တပ်ဖွဲ့များသည် စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်လျက်ရှိနေသည်။
ပြည်နယ်အတွင်း ကျယ်ပြန့်စွာလက်နက်ကိုင်ဆောင်ထားမှုတို့ကြောင့် ပုဂ္ဂိုလ်ရေးအရ နှစ်ဦးနှစ်ဖက်ကြား ပြဿနာဖြစ်ပွားပြီး သေနတ်နှင့်ပစ်သတ်ခံရမှု ဖြစ်စဉ်သည်လည်း ရှိလာနေတာကြောင့် ကရင်နီလူထုအကြား ကြောက်လန့်နေကြောင်း သိရှိရသည်။
ကန္တာရဝတီတိုင်း (မ်)- ပေးပို့သည်။