သိန္နီမြို့တွင် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြ၍ အရပ်သားများကိုဖမ်းဆီးပြီး ငွေကြေးနှင့်ပြန်ရွေးခိုင်းနေ

0
167
Photo – CJ

သျှမ်းပြည်၊ သိန္နီမြို့တွင် ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများကို ဖမ်းဆီးကာ ငွေကြေးပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

သိန္နီမြို့ကို ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပြီးသည့်နောက် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးကာ လူငယ်၊ လူလတ်ပိုင်း အမျိုးသားများကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး MNDAA က ဖမ်းဆီးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့ညပိုင်းက သိန္နီမြို့ ရပ်ကွက် (၁) အတွင်းရှိ အသက် ၄၀ နှစ်အရွယ် စိုင်းကျော် (အမည်လွှဲ) ကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

လက်ရှိအချိန်ထိ စိုင်းကျော်ကို ပြန်လွတ်ပေးခြင်းမရှိဘဲ ငွေကျပ်သိန်း ၂၀ ဖြင့် ပြန်လာရွေးထုတ်ပါက ပြန်လွှတ်ပေးမည်ဟု MNDAA ကကမ်းလှမ်းခဲ့သည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျမရဲ့အမျိုးသားကို ခဏခေါ်သွားမယ်ဆိုပြီး ညအချိန်ကြီး အိမ်မှာလာဖမ်းသွားတာ။ ဖမ်းသွားတာ ၁၅ ရက်ရှိပြီ။ အခုချိန်ထိ ပြန်မလွှတ်သေးဘူး။ ကျပ်ငွေ ၂၀ သိန်း ပေးနိုင်ရင်တော့ ပြန်လွှတ်ပေးမယ်လို့ ပြောတယ်” ဟု ၎င်းက ပြောပြသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများအား သိန္နီမြို့ရှိ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး အမျိုးသမီးများအပါအဝင် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၂၀၀ ခန့် ရှိသည်ဟု ကိုယ်တိုင်မျက်မြင်တွေ့ရှိသူ သိန္နီမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူ ၂၀၀ ခန့်အနက် တချို့မှာ MNDAA က တောင်းဆိုသော ကျပ်ငွေ သိန်း ၂၀ တန်ဖိုးကို ပေးဆောင်နိုင်သဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း၊ ပိုက်ဆံမပေးနိုင်သူများကမှု ရဲစခန်းတွင် ထိန်းသိမ်းထားခံရဆဲကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးဖြစ်သူက ဆက်ပြောသည်။

“အခုကျပ်သိန်း ၂၀ ဆိုတာက မလွယ်ဘူးလေ။ သိန္နီမြို့မှာက ဘာအလုပ်မှလည်းမရှိဘူး။ ရှိတဲ့ကားလေး ၁ စီးကို ရောင်းမယ်ဆိုတော့လည်း ဘယ်သူမဝယ်ဘူး။ အခုက အလုပ်မဖြစ်တာ။ ရွှေရောင်းပြီး သွားထုတ်မယ်ဆိုလည်း ဘာရွှေမှလည်း မရှိဘူး။ အခု စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာလာကြဲတာ ဘယ်ကိုပြေးလို့ပြေးရမှန်းလည်း မသိ။ ဘာကို ဆက်လုပ်လို့လုပ်ရမှန်း မသိတော့ဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ဒေသခံများ မူးယစ်ဆေးဝါးအကြောင်းပြပြီး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ လတ်တလောတွင် ကိုးကန့်တပ်မတော် MNDAA ဘက်ကလည်း တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အလားတူ နမ့်ဖတ်ကာမြို့အတွင်း တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်မတော် MNDAA တို့က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးခေါင်းစဉ်နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့် ချိတ်ဆက်မှုမရှိဘဲ ဒေသခံပြည်သူများကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ချီနှင့် ရွေးခိုင်းနေကြောင်း သိရှိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here