စစ်ရေးတင်းမာနေသည့် ရေးမြို့မြောက်ပိုင်းက ရွှေ့ပြောင်းရော်ဘာလုပ်သားများ အထောက်အထားမျိုးစုံဖြင့် အလုပ်လုပ်ကိုင်နေရ

0
113
ပုံစာ - ရွှေ့ပြောင်းလုပ်သားအများစု ဝင်ရောက်လုပ်ကိုင်သည့် ရော်ဘာလုပ်ငန်းခွင်တခု။

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက ရော်ဘာလုပ်ငန်းလုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားနှင့် ခြံရှင်တို့က နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က ညွှန်ကြားလုပ်ခိုင်းသည့် အထောက်အထားများဖြင့် အလုပ်လုပ်ကိုင်နေရသည်ဟု ပြောဆိုသည်။

ရေးမြို့မြောက်ပိုင်းရှိ မော့ကနင်၊ သောင်ပြင်၊ ကော့ဒွတ်၊ လမိုင်း အစရှိသည့်ဒေသက ခြံပိုင်ရှင်များနှင့် ခြံလုပ်သားများသည် ဥယျာဉ်ခြံတွင်းသို့ သွားရောက်လုပ်ကိုင်နိုင်ရန် မော့ကနင်ကျေးရွာအခြေစိုက် ခလရ (၁၀၆) တပ်ရင်းထံတွင် ဥယျာဉ်ခြံသွားခွင့်ကတ် လုပ်ဆောင်ရသည်ဟု ဒေသခံတို့က ပြောပါသည်။

တစ်ဖက်တွင်လည်း ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က လုံခြုံရေးအထောက်အထားဟုဆိုကာ ဒေသတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများကို စာရွက်စာတမ်း ပြုလုပ်ခိုင်းနေမှုလည်း ရှိနေသည်ဟု ဆိုသည်။

“ဥယျာဉ်ခြံ သွားလာခွင့်ကတ်က စစ်ကောင်စီကနေ လုပ်ရတာရှိမယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က လုပ်ထားတဲ့ ကတ်လဲရှိတယ်။ နှစ်ခုစလုံး လုပ်နေရတဲ့သူတွေက ပြဿနာ ရှိနိုင်တယ်။ ဥပမာ- တော်လှန်ရေးတပ်ဖွဲ့တွေက စကစကနေ လုပ်ထားပေးတဲ့ကတ်ကို မြင်ရင် ပြဿနာ ရှိနိုင်တယ်။ စကစကလည်း တော်လှန်ရေးအဖွဲ့ရဲ့ကတ်ကို မြင်သွားမှာကိုလည်း ကျွန်တော်တို့ စိုးရိမ်ရတယ်” ဟု ရေးမြောက်ပိုင်း ဒေသခံတစ်ဦးက ပြောသည်။

သို့သော် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နေရာ၌ တော်လှန်ရေးတပ်ဖွဲ့က လုပ်ခိုင်းသည့် အထောက်အထားကတ်ကိုသာ လုပ်ရကြောင်း စစ်ကောင်စီက လုပ်ခိုင်းသည့် အထောက်အထားကတ် မလုပ်ဆောင်ရဟု ဆိုသည်။

ဥယျာဉ်ခြံသွား အလုပ်လုပ်ရန်အတွက် အထောက်အထားတို့ကို စစ်ကောင်စီတပ်က ခြံတစ်ခြံကို ကျပ် ၅၀၀၀ နှုန်းဖြင့် ကောက်ခံနေပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ခြံရှင်များကို လုပ်ခိုင်းခြင်းမဟုတ်ပဲ၊ အခြားဒေသက ရွှေ့ပြောင်း လာရောက်လုပ်ကိုင်သူများကိုသာ လုပ်ခိုင်းကြောင်းနှင့် အလုပ်သမားတစ်ဦးလျှင် ၃၀၀၀၀ ကျပ် ဝန်းကျင်ပေးရကြောင်း သိရှိရသည်။

ခြံပိုင်ရှင်တစ်ဦးက “ရွှေ့ပြောင်းအလုပ်သမား ထည့်မယ်ဆိုရင် အထောက်အထား လုပ်ကိုလုပ်ရမယ်။ ကိုယ်ရဲ့ အလုပ်သမားက ခိုးတာပဲ ဖြစ်ဖြစ်၊ တခုခုလုပ်ရင် ကိုယ်က တာဝန်ယူရတယ်။ ဒီကတ်ကိုတော့ သူတို့မေးတဲ့အခါ ကျရင် ပြပေးရတယ်။ ဒါပေမဲ့ စစ်ကောင်စီတွေ တွေ့ရင် အရေးယူမယ်။ ဖမ်းမယ်ဆိုတော့ မတွေ့မိအောင်လည်း ဝှက်ထားရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ခြံသွားလာခွင့်ကတ်ကို အတင်းလုပ်ခိုင်းပြီး မလုပ်ပါက စစ်ဆေးတွေ့ရှိသည့်အခါ PDF ဆိုပြီး သတ်မှတ်မည်ဟု ဒေသခံခြံပိုင်ရှင်၊ ခြံလုပ်သားတို့ကို ခြိမ်းခြောက်ထားသည်ဟုလည်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ရေးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေသည့်အပြင် ဖမ်းဆီးစစ်ဆေးမှုလည်းများသည့်အတွက် ဒေသခံတို့က ရော်ဘာလုပ်ငန်းအပြင် ဥယျာဉ်ခြံလုပ်ငန်းများ ကောင်းကောင်းလည်ပတ်နိုင်သည့် အခြေအနေမရှိကြောင်း ပြောဆိုသည်။

လက်ရှိတွင်လည်း မွန်ပြည်နယ်ဈေးကွက်အတွင်း ရော်ဘာများ ဈေးကောင်းရရှိနေသော်လည်း နယ်မြေမတည်ငြိမ်မှုကြောင့် ရော်ဘာစိုက်တောင်သူများ အခက်အခဲကြုံတွေ့နေကြရသည်ဟု သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here