KNLA ပူးပေါင်းတပ်က ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ဝင်ရောက်တိုက်ခိုက် ၃ ဦး သေဆုံး

0
158
Photo – PDF Southern Military Region

ကရင်အမျိုးသားအစည်းအရုံး – KNU ၊ တပ်မဟာ (၃)၊ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဆေးရိုးခင် ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) က သတင်းထုတ်ပြန်သည်။

KNLA တပ်ရင်း (၉) အပါအဝင် တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တပ်ရင်း (၃၇၀၂)၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ (၂) စစ်ကြောင်းတို့ ပူးတွဲပါဝင်သောတပ်ဖွဲ့က နိုဝင်ဘာ ၁ ရက်နေ့တွင် ဆေးရိုးခင်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအား ယင်းသို့တိုက်ခိုက်ရာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ညောင်ပင်သာနားက ဆေးရိုးခင်ရွာမှာ ခေတ္တယာယီ လာဆောက်ထားတဲ့စခန်း၊ အဲဒီစခန်းကို ဝင်စီးတာ ရသွားတယ်။ စစ်တပ်ဘက်က သေတာက ၄ ယောက်လောက်ရှိတယ်လို့ကြားတယ်။ စခန်းထဲက လင်မယား ၂ ယောက်ကိုလည်း အရှင်ဖမ်းမိသေးတယ်။ အဲဒီနေ့က လက်နက်ကြီးလည်း တနေကုန်ပစ်နေတာ” ဟု စခန်းတိုက်ခိုက်ခံရသည်နှင့်ပတ်သက်၍ ကျောက်ကြီးဒေသခံ အမျိုးသားက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ G3 သေနတ် ၁ လက်နှင့် အခြားလက်လုပ်သေနတ်များ အပါအဝင် ခဲယမ်းများကို KNLA ဘက်က သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကပစ်ခတ်သော လက်နက်ကြီးကြောင့် ဆေးရိုးခင်ကျေးရွာရှိ ဒေသခံ ၂ ဦးသေဆုံးခဲ့ကြောင်းလည်း တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် KNLA ပူးပေါင်းတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

စစ်ကောင်စီ၏ လက်နက်ကြီးတိုက်ခိုက်မှုဒဏ် အများဆုံးခံနေရသည့် ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာလပိုင်းမှစ၍ တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာသလို မုန်းမြို့နယ်ရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်မှု တို့ကြောင့် ထိခိုက်သေဆုံးသူများလည်း ရှိနေကြောင်း သိရသည်။

အလားတူ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ တုံးတံတားတပ်စခန်းကို ပြန်လည်စိုးမိုးနိုင်ရေး အင်အား အများအပြားဖြင့် စစ်ကောင်စီတပ်က စစ်ကြောင်းဝင်ရောက်မှုများ ရှိနေပြီး ထိုနယ်မြေ တဝိုက်ရှိရွာများတွင် တိုက်ပွဲပြင်းထန်နေသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here