PNLO/ PNLA အနေဖြင့် ၎င်းတို့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ထုတ်ပယ်လိုက်မှုအပေါ် အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းနှင့် ဆက်သွယ်မေးမြန်းချက်။
ဗိုလ်မှူးကြီးခွန်သူရိန်ဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA အဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) ကို အကောင်အထည်ဖော်နိုင်သည့် အခင်းအကျင်း မရှိတော့ချိန်တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် မဖြစ်နိုင်တော့သည့် အနေအထားများကြောင့် တွေ့ဆုံဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့ပြီး တခြား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်အတူ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့ပါသည်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေစဉ် တဖက်တွင်လည်း စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးပွဲများကို လုပ်ဆောင်ရန် စိတ်အားထက်သန်နေသည့် အဖွဲ့နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး – ၁ ဗိုလ်မှူးခွန်မင်းသိမ်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ နန်းယဉ်ယဉ်စိုးတို့ကို အဖွဲ့ကနေ ထုတ်ပယ်လိုက်သည်ဟု အောက်တိုဘာလ ၁၂ ရက်နေ့တွင် PNLO က ထုတ်ပြန်ပြောဆိုခဲ့သည်။
PNLO ၏ အခြေခံမူနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်သည့်အတွက် အဖွဲ့ချုပ်က ပေးအပ်ထားသော ရားထူးနှင့်တာဝန်အရပ်ရပ်တို့ကို ရုပ်သိမ်းပြီး အဖွဲ့ချုပ်ရဲ၏ အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်သည်ဟု ဆိုသည်။ ထုတ်ပယ်ခံရသူ ၃ ဦးသည် လာမည့် PNLO စတုတ္ထအကြိမ်ညီလာခံတွင် အယူခံဝင်ခွင့် ရှိသည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။
PNLO/PNLA အနေဖြင့် ၎င်းတို့၏ ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးကို ဘာကြောင့် ထုတ်ပယ်လိုက်ပါလဲ။ ထုတ်ပယ်ခံလိုက်ရသူတို့အနေဖြင့် PNLO ညီလာခံတွင် အယူခံဝင်ခွင့်ရှိသည်ဟု ဆိုထားတာကြောင့် ထိုအခြေအနေများနှင့်ပတ်သက်ပြီး အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ PNLO/PNLA အနေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဘာကြောင့်ထုတ်ပယ်လိုက်တာပါလဲ။
ဖြေ။ ။ ဖြားခွန်ဥက္ကာ က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ ရက်စွဲနဲ့ စက်တင်ဘာလ (၁၅) ရက်နေ့မှာ PNLO/PNLA ကနေ နုတ်ထွက်ကြောင်း ထုတ်ပြန်ထားတာ ရှိပါတယ်။ ပြီးတော့ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်ခဲ့တဲ့ ခွန်မင်းသိမ်းနဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဖြစ်ခဲ့တဲ့ နန်းယဉ်ယဉ်စိုးတို့က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့မှာ ပြုလုပ်တဲ့ PNLO ရဲ့ ဗဟိုအလုပ်အမှုဆောင်အထူးအစည်းအဝေးမှာ အဖွဲ့ချုပ် ကနေ နုတ်ထွက်ကြောင်း နှုတ်အားဖြင့်တင်ပြခဲ့တာ ရှိပါတယ်။
နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာချက်နဲ့ အစည်းအဝေးမှာတင်ပြခဲ့တာကို ဗဟိုကော်မတီအစည်းအဝေး တစ်ခုခုက အတည်ပြုချက်ပြုပေးဖို့ လိုပါတယ်။ အတည်ပြုချက် မပြုရသေးခင်မှာ အဖွဲ့ချုပ်နာမည်ကို တလွဲအသုံးပြုပြီး PNLO- NCA – S ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းကြောင်း အောက်တိုဘာလ (၉) ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာ ရှိပါတယ်။ အဖွဲ့ချုပ်ကို ဖြိုခွဲတဲ့သဘော ဖြစ်တဲ့အတွက် ဗဟိုကော်မတီနဲ့ တပ်မှူးများအရေးပေါ် အစည်းအဝေးက ထုတ်ပယ်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မေး။ ။ ပြီးတော့ ထုတ်ပယ်ခံထားရသူတွေကိုလည်း အယူခံဝင်ခွင့်ရှိတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ တွေ့ရတယ်ဆိုတော့ ဘယ်လိုအခြေအနေကြောင့် အယူခံဝင်ခွင့်ပေးတာပါလဲ။
ဖြေ။ ။ ညီလာခံမှာ အယူခံခွင့်ပေးတာကတော့ အဖွဲ့ချုပ်ရဲ့လုပ်ထုံးလုပ်နည်းအရ ဖြစ်ပါတယ်။ ထုတ်ပယ်လိုက်တဲ့ ခေါင်းဆောင်တွေထဲကနှစ်ဦးက ညီလာခံကနေ ရွေးကောက်တင်မြောက်ထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ညီလာခံ တခုနဲ့တခုကြားမှာ ဗဟိုကော်မတီကသာ အမြင့်ဆုံးအာဏာပိုင်ဖြစ်ပါတယ်။
ဗဟိုကော်မတီ အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချထားတဲ့ဟာကို ညီလာခံမှာ ကျနော်တို့အဖွဲ့ချုပ်မှာ အမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ ညီလာခံမှာ အတည်ပြုချက်ရယူဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ ညီလာခံကို တက်ရောက်ပြီးတော့မှ အယူခံဝင်ခွင့်ရှိတယ်ဆိုတဲ့သဘောပါ။
မေး။ ။ အယူခံဝင်ရင် အဖွဲ့ဝင်အဖြစ် ပြန်ပြီးလက်ခံသွားဖို့ရှိပါလား။
ဖြေ။ ။ ညီလာခံမှာအယူခံဝင်ရင်တော့ ဒီညီလာခံကနေ သူတို့ရဲ့လုပ်ဆောင်ထားချက်တွေကို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေတို့ အခြေခံမူတို့နဲ့ စသဖြင့်ပေါ့လေ ညီမညီပြန်ပြီးတော့မှ စစ်ဆေးမေးမြန်းတာတွေ ရှိမှာဖြစ်ပါတယ်။ ညီလာခံကနေ သူတို့ရဲ့အယူခံဝင်တာကို လက်ခံတယ်ဆိုလို့ရှိရင်တော့ ဒီအဖွဲ့ဝင်ပြန်ဖြစ်ဖို့က ညီလာခံရဲ့ အဆုံးအဖြတ်အပေါ်မှာပဲ မူတည်မှာဖြစ်ပါတယ်။
မေး။ ။ သဘောထားရပ်တည်ချက်မတူလို့ အဖွဲ့ကွဲသွားတာလို့ ပြောဆိုမှုတွေလည်း ရှိတယ်။ အဲဒီအပေါ်မှာ ဘာပြောချင်ပါလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ အဖွဲ့ကွဲတယ်လို့ ကျနော်တို့ မသတ်မှတ်ပါဘူး။ အဖွဲ့ဝင်အင်အား ၉၉ ရာခိုင်နှုန်းကလည်း PNLO/PNLA မှာပဲ တော်လှန်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်နေကြပါတယ်။ ထုတ်ပယ်လိုက်တဲ့ ခေါင်းဆောင် ၃ ဦးရဲ့နောက်မှာကတော့ ပါဝင်တဲ့ ကျနော်တို့တပ်မှူးတွေ ရဲဘော်တွေလည်း မရှိပါဘူး။
NMG ပေးပို့သည်။