ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ် (၃) ရပ်ကွက်တွင် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းစနစ် အကောင်အထည်ဖော်ရေးအတွက် စစ်မှုထမ်းသင်တန်းတက်မည့် အမျိုးသားများကို စတင်ခေါ်ယူနေပြီဟု မြို့ခံများက ပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်းများက ဖားအံမြို့၊ အမှတ် (၃) ရပ်ကွက်နေ အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းရှိ အမျိုးသားများရှိသည့် နေအိမ်သို့ စစ်မှုထမ်းကိစ္စ အစည်းအဝေးတက်ရောက်ရန် လက်ကမ်းစာများ လိုက်လံပေးဝေခဲ့ပြီးနောက် စစ်မှုထမ်းအမျိုးသား ၂ ဦး ခေါ်ယူတော့မည့်ဆိုကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
အမည်မဖော်လိုသူ ဖားအံမြို့ခံတစ်ဦးက “၁၈ ကနေ ၃၅ နှစ်အတွင်းပေါ့၊ ကျောင်းတက်နေတဲ့ကလေးဆိုလည်း သူ့အိမ်ကို စာရွက်ရောက်လာတာပဲ။ အစည်းအဝေးမှာ စစ်မှုထမ်းဖို့အတွက် အမှတ် (၃) ရပ်ကွက်က လူနှစ်ယောက်သွားရမယ်ပြောတော့ မသွားချင်ကြဘူးလေ။ အဲဒီတော့ လူအစားထိုးဖို့ဆို ပိုက်ဆံပေးရမယ်ပေါ့။ အစားထိုးပါပြီတဲ့ အိမ်ပေါ်ထိလူတွေကို တက်ဆွဲမယ်ဆိုရင်ရော အာမခံနိုင်လားဆိုတော့ အာမခံတယ်လို့ပြောတယ်” ဟု ပြောပြသည်။
စစ်မှုထမ်းစနစ်ကို စတင်အသက်သွင်းချိန်မှစ၍ စစ်ကောင်စီဘက်က တိုင်းနှင့်ပြည်နယ်အနှံ့အပြား၌ စစ်မှုထမ်းခေါ်ယူရေး လုပ်ငန်းများ ဆောင်ရွက်လာသည်မှာ ယခုအောက်တိုဘာလတွင် အပတ်စဥ် (၆) အထိ ရှိလာပြီဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၇) နယ်မြေအပြင် အခြားကရင့်လက်နက်ကိုင်များ လှုပ်ရှားရာနယ်မြေလည်းဖြစ်သည့် ဖားအံမြို့တွင် ယခုလို စစ်မှုထမ်းကိစ္စအတွက် အိမ်တိုင်ရာရောက် စာပို့ခေါ်ယူခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး အမှတ် (၃) ရပ်ကွက်တွင်သာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြို့ခံသတင်းအရင်းအမြစ်များက ပြောသည်။
နောက်ထပ်ဖားအံမြို့ခံတစ်ဦးက “အမှတ် (၃) တစ်ခုလုံးဆို ၂ ယောက် ယူမယ်။ မသွားချင်ရင် ပိုက်ဆံထည့်ရမယ်ဆိုပြီး ပြောတယ်။ အစားထိုး စစ်မှုထမ်းရမယ့်နှစ်ယောက်အတွက် ကျမတို့ ပိုက်ဆံတက်နိုင်လားမေးတယ်။ ဘယ်လောက်ကောက်မလဲတော့ မသိသေးဘူး” ဟု ပြောသည်။
ဖားအံမြို့အပါအဝင် ကရင်ပြည်နယ်အတွင်း စစ်မှုထမ်းကိစ္စနှင့် ပတ်သက်၍ ယခင်က စစ်မှုထမ်းဥပဒေကြောင်း သိနားလည်စေရန်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံများက လက်ကမ်းစာစောင်များ လိုက်လံပေးဝေမှုရှိခဲ့သလို ပြီးခဲ့သည့်လများကလည်း ဖားအံမြို့ပေါ် ရပ်ကွက်အချို့ရှိ အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာရပ်ကွက်မှ စစ်မှုထမ်းရန် အသက်ပြည့်မီသူ လူငယ်များစာရင်းကို မှတ်တမ်းပြုစုနေကြောင်း သတင်းများပေါ်ထွက်ခဲ့ဖူးသည်။
ထို့အတူ စစ်မှုထမ်းဥပဒေ ထွက်ရှိပြီးနောက် ထိုဥပဒေမှ တိမ်းရှောင်ရန် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေနှင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ အလုံးအရင်းလိုက် ထွက်ပြေးလာသူများတွင် ကရင်ပြည်နယ်မှ လူငယ်အများအပြားလည်း ပါဝင်ခဲ့သည်။
KIC ပေးပို့သည်။