ခုခံတော်လှန်စစ်အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့နယ်များက မြို့ပေါ်ရပ်ကွက်များ၌သာ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
သန်းခေါင်စာရင်းကောက်ယူမှုများကို မြို့ပေါ်ရပ်ကွက်များတွင်သာ အဓိက ကောက်ယူနိုင်ရေးအတွက် စစ်ကောင်စီက ညွှန်ကြားထားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးလက်ဒေသများကို ကောက်ယူရန် ညွှန်ကြားခြင်းမရှိကြောင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
“ကျန်တဲ့အပိုင်းတွေတော့ မသိတတ်ဘူးပေါ့လေ၊ ကျနော်တို့ ဒီဘက်အပိုင်းကြတော့ ညွှန်ကြားလာတာမရှိသေးတော့ မကောက်ကြသေးတာ” ဟု ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
စစ်ကိုင်းတိုင်းတွင် ၃၇ မြို့နယ် ရှိသည့်အနက် မြို့နယ်၂၇ မြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
မြို့ပေါ်ရပ်ကွက်များ၌ သန်းခေါင်စာရင်းကောက်ယူရာတွင် တစ်အိမ်တက်ဆင်းကောက်ယူမှုရှိခဲ့သလို အများအားဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၊ အိမ်ဝန်းကျယ်သည့်နေအိမ်တွင် လူစုစေပြီး သန်းခေါင်စာရင်းကောက်ယူမှု ပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့ ပါရမီရပ်ကွက်နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“သူတို့က လူဘယ်နှစ်ယောက်ရှိတယ်။ ပိုင်ဆိုင်မှုတွေ ဘာရှိလဲ၊ အဲ့ဒါတွေ မေးတာပေါ့ဟယ်။ ဒီမှာတော့ နေအိမ်တစ်အိမ်မှာ စုပြီးတော့ ရပ်ကွက်ထဲကလူတွေကို လိုက်ခေါ်ပေးရတာပေါ့ကွယ်၊ သန်းခေါင်စာရင်း လာပေး ပေးပါဆိုတော့ ပေးရတာပေါ့။ မပေးဘဲ ကန့်လန့်တိုက်နေလို့မှ မရတာ။ ပေးလိုက်တာပါ့ သူတို့ဘာလုပ်လုပ်ပါ့။ သူတို့က စစ်သားတွေနဲ့ ပျူတွေနဲ့ ဆရာမတွေနဲ့ အဲ့လိုဆင်းတာကြီးကိုး” ဟု ၎င်းက ဆိုသည်။
ကျေးလက်ဒေသများတွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိသည်မှာ လုံခြုံရေးအခက်အခဲများနှင့် လမ်းပန်းဆက်သွယ်ကြောင့်ဟုလည်း ကောက်ယူရာတွင် ပါဝင်သူများက ပြောဆိုသည်။
“နယ်မြေအခြေအနေ လုံခြုံရေးအရပေါ့။ မြို့ပေါ်တွေမှာကတော့ ကောက်တယ်။ ရွာဘက်တွေကတော့ မလှည့်နိုင်ဘူး” ဟု ကောက်ယူသည့်အဖွဲ့တွင် ပါဝင်သူတစ်ဦးက ပြောဆိုသည်။
အောက်တိုဘာ ၁ ရက်နေ့ မှ ၁၅ ရက်နေ့ အတွင်း စာရင်းကောက်ယူနိုင်ခြင်းမရှိသူများနှင့် ကျေးလက်ဒေသများကို အောက်တိုဘာလကုန်အထိ ရက်တိုးပြီး ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသော်လည်း ကောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းအတွင်း နေထိုင်သူလူဦးရေ ၅ သန်းကျော်ရှိနေပြီး ကုလသမဂ္ဂ၏စာရင်းအရ လူဦးရေ၏ ငါးပုံတစ်ပုံ (လူဦးရေ ဆယ့်နှစ်သိန်းကျော်) သည် စစ်ပွဲနှင့်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရှမ်းနီအသံ ပေးပို့သည်။