1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“တောင်ယာသွားချင်ရင်လဲ အကြောင်းကြားပြီးမှ သွားလို့ရတယ်။ ညအိပ်ခွင့်မပေးဘူး၊ ကျွန်တော်တို့ ချင်းလူမျိုးတွေဆိုတာ တောင်ယာကို ၃ မိုင်၊ ၄ မိုင်မှာ ခုတ်ကြတာ၊...

“တောင်ယာသွားချင်ရင်လဲ အကြောင်းကြားပြီးမှ သွားလို့ရတယ်။ ညအိပ်ခွင့်မပေးဘူး၊ ကျွန်တော်တို့ ချင်းလူမျိုးတွေဆိုတာ တောင်ယာကို ၃ မိုင်၊ ၄ မိုင်မှာ ခုတ်ကြတာ၊ စပါးရိတ်ချိန်ဆိုတော့ သိပ်အခက်အခဲရှိတယ်” ပလက်ဝဒေသခံ ချင်းအမျိုးသားတစ်ဦး

AA အုပ်ချုပ်မှုအောက် ပလက်ဝမြို့အခြေအနေနှင့်ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ပလက်ဝဒေသခံချင်းအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် AA က ယခု ၂၀၂၄ နှစ်ဆန်းပိုင်းက အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီကင်းစင်သည့်နယ်မြေ ဖြစ်လာခဲ့သည်။ ယင်းနောက် အာရက္ခတပ်တော် AA က ပလက်ဝဒေသတွင် အုပ်ချုပ်ရေးလုပ်ငန်းများအား ဆက်လက်အကောင်အထည်ဖော်ဆောင်ခဲ့ရာတွင် ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီနှင့် Global Khumi Organization တို့၏ ဖော်ပြထားချက်အရ ပလက်ဝမြို့နယ်တွင် ဒေသခံချင်းလူမျိုးများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များအား အားပေးကူညီထောက်ပံ့သည်ဆိုသော စွပ်စွဲချက်ဖြင့် အာရက္ခတပ်တော် AA က ဖမ်းဆီးလေ့ရှိပြီး ယခုလက်ရှိတွင် ဒေသခံချင်းလူမျိုး အယောက် ၃၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု သိရသည်။

ယင်းကဲ့သို့အခြေအကြောင့် ပလက်ဝမြို့နယ်ထဲက ဒေသခံချင်းလူမျိုးများသည် အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်နှင့် ရန်ကုန်၊ ထိုင်း၊ မလေးရှားနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။

မကြာသေးခင်ရက်ပိုင်းက ပလက်ဝမြို့နယ် ကျေးရွာတစ်ရွာကနေ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ချင်းအမျိုးသားတစ်ဦးကို ပလက်ဝဒေသအခြေအနေကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပလက်ဝကနေ ဘယ်အချိန်က ထွက်လာတာပါလဲ၊ မီဇိုရမ်ကို ဘယ်ရက်နေ့မှာ ရောက်လာတာလဲ။

ဖြေ။ ။ ကျွန်တော်က ဇူလိုင်လ ၆ ရက်နေ့က ရွာကနေဆမီးဘက်ကို ထွက်လာပါတယ်။ ဟိုမှာ ၃ လနီးပါး လောက်နေပါတယ်။ ဟိုမှာ စားဝတ်နေရေးကလဲ သိပ်အခက်အခဲရှိတယ်။ ပြီးတော့ ကျွန်တော်တို့နေတဲ့နေရာကို AA လာမယ်၊ ဖမ်းမယ်ဆိုပြီး သတင်းတွေလဲကြားတော့ ကျွန်တော် မီဇိုရမ်ဘက်ကို ပြေးလာတာ၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ မီဇိုရမ်ဘက်ရောက်တယ်။

မေး။ ။ ဘယ်လိုကြောင့် ထွက်ပြေးလာရတာလဲ ပြောပြပေးလို့ရလား။

ဖြေ။ ။ ကျွန်တော်ရွာမှာရှိတုန်းက ရွာလူကြီးဆိုတော့ အစည်းအဝေးလုပ်တဲ့အချိန်မှာ ရွာရဲ့ကောင်းရာကောင်းကြောင်း ပြောတယ်။ တခါတလေဆို ရွာသားတွေကို ဆုံးမလေ့ရှိတာပေါ့၊ စကားကိုထိန်းပါ၊ AA ဆီမှာလဲ မပြောနဲ့၊ သူတို့ကိုလဲ သတိထားပါ။ အေးအေးဆေးဆေးနေပါ။ အဲလောက်ပဲ ကျွန်တော်ဆုံးမတာရှိတယ်။ သူတို့က ဒီလိုအစည်းအဝေးတိုင်းမှာ ပြောရဲဆိုရဲရှိတဲ့လူကို သူတို့က လုံးဝမကျေနပ်ဘူး။ ဒါနဲ့ ဇူလိုင်လ ၄ ရက် ၅ ရက် လောက်ဆို ကျွန်တော့်နာမည်ပေါ်လာတယ်။ ဒါကြောင့် ဇူလိုင်လ ၆ ရက်နေ့မှာ ရွာကနေ သားနဲ့ထွက်လာတာပါ။

မေး။ ။ နာမည်ပေါ်လာတယ်ဆိုတာက AA က ဖမ်းဖို့လုပ်လာကို ဆိုလိုတာပါလား။

ဖြေ။ ။ ကျွန်တော့်နာမည်ပေါ်ပြီဆိုတာက သူတို့ဆီမှာ နာမည်ရောက်တယ်ဆိုရင်ကို သူတို့ဖမ်းဖို့အစီအစဉ်ပဲ။ ကျွန်တော့်နာမည်ပေါ်တာ ကျွန်တော်ထင်တာက ကျောင်းဆရာ ၂ ယောက်အပါအဝင် ၄ ယောက်ကို ဖမ်းတုန်းက ကျွန်တော့ရှေ့မှာ ဖမ်းတာ။ ကျွန်တော်က ကျောင်းကော်မတီအကျိုးဆောင်ပါ။ ဖမ်းတော့ ကျွန်တော်က နယ်မြေမှူးဆီမှာ သွားပြီးတော့မှ ကျောင်းဖွင့်တဲ့ရာသီ‌လဲ ရောက်ပြီ ကျောင်းဆရာနှစ်ယောက် ပါသွားတယ် ဆိုတော့ ကျွန်တော်တို့စိတ်ပူတယ်။

ဘာအပြစ်ရှိလဲ၊ ဘာကြောင့်ဖမ်းတာလဲ ကျွန်တော်တို့သိချင်တယ်ဆိုပြီး ကျွန်တော်မေးတာကို သူက အထက်ကအမိန့်အရ မေးမြန်းဖို့ ခေါ်သွားတာပါဆိုပြီး ဖြေတယ်။ ပြီးတော့ CDF ကို ထောက်ပံ့တယ်၊ ဆက်နွယ်တယ်ဆိုပြီး ဖမ်းဖို့ နာမည်ထွက်လာတာပေါ့လေ။ ဒါပေမဲ့ ကျွန်တော်တို့က အဲလို ဆက်နွယ်တာလဲ မရှိပါဘူး။ AA က ဖမ်းချင်တဲ့ သူကိုဖမ်းတယ် ပြီးတော့ မသင်္ကာတဲ့လူဆိုရင် သူတို့လိုက်တယ်၊ ခြိမ်းခြောက်တယ်၊ တမင်တကာ ထွက်ပြေးအောင်ကို လုပ်တာလို့ပဲမြင်တယ်။ သူတို့က ပလက်ဝမြို့နယ်မှာ ဒီလိုလုပ်နေတာ နယ်မြေလွှမ်းမိုးချင်လို့ဆိုတာ ပေါ်လွင်တယ်။

မေး။ ။ ပလက်ဝကနေ ဘယ်လိုထွက်လာကြတာပါလဲ။ လမ်းခရီးမှာရော ဘယ်လိုအခက်အခဲတွေကြုံခဲ့ရလဲ။

ဖြေ။ ။ လမ်းခရီးကတော့ အခက်အခဲမျိုးစုံပေါ့နော်။ ကျွန်တော်တို့ရွာကနေ ဆမီးကို ကယ်ရီငှားလာတာ ဆိုင်ကယ်တစ်စီးကို တစ်သိန်းခွဲပေးရတယ်။ ဆမီးနဲ့ ပလက်ဝကြားမှာ AA ဂိတ် ၆ ခုလောက်ရှိတယ်။ ကျွန်တော်တို့ ဂိတ်ရောက်ရင် သူတို့ကိုမှတ်ပုံတင်ပြရတယ်။ ဘယ်ရက် ပြန်လာမလဲ၊ ဘယ်လောက် ကြာမလဲ၊ အဲလို အကုန်လုံး ကျွန်တော့ကိုမေးတယ်။

ပြီးတော့ အဝတ်ထုတ်တွေကို ဖွင့်ကြည့်တယ်၊ ဘာမှမပါရင်တော့ သူတို့ ပြန်လွှတ်ပေးပါတယ်။ သူတို့ မသင်္ကာရင် မသင်္ကာသလို စစ်ဆေးတာပေါ့။ သူတို့ စစ်ဆေးပြီးကြောင်း လက်မှတ်ထုတ်ပေး တာမျိုးမရှိပါဘူး။ သူတို့ဂိတ် တစ်ခုပြီးတစ်ခု စစ်ဆေးခံရပါတယ်။ ဂိတ်တွေမှာ တရားဝင် ငွေကြေးကောက်ခံ တာမျိုးမရှိပါဘူး။ ဒါပေမဲ့ တချို့လူတွေဆို အိတ်နှိုက်တာတော့ရှိတယ်၊ ကိုယ်ကိုတိုင်တော့ မကြုံဖူးဘူးပေါ့။

မေး။ ။ ပလက်ဝမြို့နယ်ကလူတွေ ခရီးထွက်မယ်ဆိုရင် ဘာတွေလိုအပ်လဲ။

ဖြေ။ ။ ကျွန်တော်တို့ ခရီးထွက်တဲ့လူက ရွာနာမည်ကိုသိရမယ်၊ ရွာရဲ့အုပ်ချုပ်ရေးမှူးနာမည်ကိုလဲ သိရမယ်။ သူတို့က ဒီလိုမေးတယ်၊ ခင်ဗျားတို့ရွာက ကျောင်းဆရာနာမည်ဘယ်သူလဲ၊ ဟိုမှာ ဘာအသင်းတော်ရှိလဲ အဲလို အမျိုးမျိုးမေးတယ်။ ခရီးသွားမဲ့သူတွေက အဲဒါကို ကြိုတင်သိထားပြီးမှ သူတို့မေးတာကိုဖြေရတယ်။ သူတို့မသိဘဲ အပြင်ထွက်လို့မရဘူး။

ခရီးထွက်ချင်ရင်တော့ သူတို့ဆီမှာ အကြောင်းကြားရမှာတဲ့။ ပြန်ရောက်ရင်လဲ သူတို့ဆီ အကြောင်းကြားရမယ်လို့ သူတို့ပြောထားတာရှိတယ်။ ကျွန်တော်တို့ တောင်ယာသွားချင်ရင်လဲ သူတို့ဆီ အကြောင်းကြားရတယ်။ မနက်ပိုင်း သွား၊ ညနေ ပြန်ရောက်ရမယ်၊ အဲလိုတော့ သူတို့ပြောထားတာရှိပါတယ်။ ဒါပေမဲ့ကျွန်တော်တို့က ၃ မိုင် ၄ မိုင်မှာ တောင်ယာလုပ်တော့ ညအိပ်ချင်တာပေါ့၊ ညအိပ်လို့လဲ မရဘူး။ အခုက စပါးရိတ်ချိန်ဆိုတော့ သိပ်အခက်အခဲ ရှိပါတယ်။

Photo – Social Media (ပုံဟောင်းဖြစ်သည်။)

မေး ။ AA က ပလက်ဝမြို့နယ်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ဒေသခံတွေအများကြီး ကြုံရတယ်ကြားတယ်။ အဲဒီအခြေအနေကို ပြောပြလို့ရမလား။ ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ တနင်္ဂနွေနေ့ဆိုရင် သူတို့ကသေနတ်ကိုကိုင်ပြီးမှ ရွာကိုလှည့်လည်တာ၊ သတင်းစုံစမ်းတယ်၊ ရွာမှာ ဟိုဟာလုပ်လိုက်၊ ဟိုသွားလိုက်ဒီသွားလိုက် အဲဒါ ရွာတိုင်းလိုလိုပဲ။ ကလေးတွေရော လူကြီးတွေရော တအားကြောက်ကြတယ် ။ ကျွန်တော့်အတွေ့အကြုံနဲ့ ပြောမယ်ဆိုရင်တော့ ကျွန်တော့အိမ်ကို AA ထောက်လှန်း ရေနဲ့ စစ်မှူးတို့ သေနတ်နဲ့လာပြီးမှ ဦးလေးက ဦးကျော်ကျော် (အမည်လွဲ) လားလို့မေးတယ်။ ဟုတ်တယ် ကျွန်တော်တို့ ခရစ်ယာန်က လက်တစ်ဆုပ် ဆန်စုတာရှိပါတယ်၊ အဲဒီဆန်က မရှိဆင်းရဲသားတွေကို ပြန်လှူတာလို့ ပြောတော့ သူတို့က “ဪ” ဆိုပြီးပြန်သွားတယ်။ သူတို့ CDF တွေကို ထောက်ပံ့တယ်လို့ သဘောထားတာ သူတို့ကို ပေးမှာစိုးလို့ စစ်ဆေးတာ။

ပြီးတော့ ဖုန်းက ရွာကနေပြောလို့ မရဘူး၊ လိုင်းမရှိဘူး။ ဟိုတောင်ကုန်းမှာ တက်ပြီးတော့မှ ဖုန်းပြောရင်လဲ သူတို့က ဘယ်သွားမှာလဲ၊ ဘာသတင်းပို့မှာလဲ အဲလိုစစ်ဆေးခံရတာပေါ့။ တောင်ယာသွားချင်ရင်လဲ အကြောင်း ကြားပြီးမှ သွားလို့ရတယ်။ ညအိပ်ခွင့် မပေးဘူး၊ ကျွန်တော်တို့ ချင်းလူမျိုးတွေဆိုတာ တောင်ယာကို ၃ မိုင်၊ ၄ မိုင်မှာ ခုတ်ကြတာ၊ စပါးရိတ်ချိန်ဆိုတော့ သိပ်အခက်အခဲရှိတယ်။ သူတို့က တခါတလေတော့ ဆိတ်တွေ၊ ဝက်တွေ၊နွားတွေကို သူတို့တောင်းတာရှိတယ်။ အလကားတော့ မဟုတ်ဘူးပေါ့၊ ငွေကြေးတော့ ပေးတယ်။ ဒါပေမဲ့ နှစ်သိန်းတန်ကို တစ်သိန်းခွဲပဲ ပေးတာတို့၊ ကြက်ဆိုလဲ တစ်သောင်းတန်ကို ငါးထောင်ပဲပေးတာတို့ တန်ရာ တန်ကြေး မပေးဘူးပေါ့။ ကျွန်တော်တို့ကလဲ တိုင်ရမဲ့သူလဲ မရှိတော့ ငြိမ်ခံသွားတာပေါ့။

သူတို့က ကျေနပ်လားလို့ ထပ်မေးသေးတယ်၊ မကျေနပ်ရင်လဲ ဘယ်ရမလဲဗျာ ကျွန်တော်တို့က ပေးရတာပေါ့။ ဟိုအရင်တုန်းကတော့ ကျွန်တော်တို့ရွာက နွားနှစ်ကောင်ခိုးသွားတယ်။ ကျွန်တော်တို့ရွာရဲ့ အခြေအနေဆိုရင် ရွာသားတွေက စိတ်ဒါဏ်ရာရနေပြီ။ ဘယ်လိုမျိုးလဲဆိုတော့ သူတို့ ကျွန်တော့ကိုပြောတယ်၊ ဦးလေးတဲ့ ရွာကို မလာနဲ့တဲ့၊ ဦးလေးရွာလာတာကိုသိရင် သူတို့ ရွာကိုမီးရှိုပစ်လိမ့်မယ်တဲ့၊ ကိုယ့်သားသမီးတောင်မှ ကိုယ့်ကို ကြောက်နေပြီ။ ရွာသားတွေကို ရွာမီးရှိုပစ်လိုက်မယ်၊ ခင်ဗျားတို့ အရင်ကဖမ်းတဲ့လူအကြောင်း မသိဘူးလား၊ သူတို့ သတင်းမကြားဘူးလား၊ ကျွန်တော်တို့ တခါဖမ်းရင် ခင်ဗျားတို့ လွယ်မယ်ထင်လား။ အဲလိုမျိုးကို ခြိမ်းခြောက် နေတယ်။ ပလက်ဝမြို့နယ်မှာ ကျွန်တော်တို့ AA အဖွဲ့မှအပ ဘယ်သူမှလက်နက်မကိုင်ရဘူးတဲ့။ ကိုင်တဲ့လူရှိရင် ဒုက္ခရောက်မယ်တဲ့၊ အဲလိုသဘော ရှိတယ်။

မေး။ ။ ပလက်ဝမှာ AA က အရပ်သားဖမ်းဆီးမှုတွေလည်း ရှိတယ်လို့ကြားရတယ်၊ အဲဒီအခြေအနေကိုရော ပြောပေးလို့ရမလား။

ဖြေ။ ။ ကျွန်တော်ရွာမှာရှိတုန်း မေလမှာ ကျောင်းဖွင့်ဖို့လဲနီးပြီလေ။ ဆို‌တော့ ကျွန်တော်တို့ရွာ ကျောင်းဖွင့်မဲ့ ကိစ္စ ဘယ်လိုရှိလဲ၊ ဖွင့်မလား မဖွင့်ဘူးလား ကိုယ်ထူကိုယ်ထဖွင့်ရမလားဆိုပြီး ဆွေးနွေးတာရှိတယ်။ သူတို့က မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီမှာ ကျွန်တော်တို့နဲ့ တွေ့ဆုံမယ်ဆိုပြီး အကြောင်းပြန်တယ်။ အဲဒါနဲ့ ကျွန်တော်တို့က ကျောင်းဆရာ ၂ ယောက်၊ ရုံးဝန်ထမ်း ၁ ယောက်၊ ကျောင်းကော်မတီ ၈ ယောက်လောက် ရွာသားတစ်ယောက်အိမ်မှာ စုတယ်။ သူတို့က ၆ နာရီခွဲလဲ မရောက်ဘူး၊ ၇ နာရီခွဲလဲ မရောက်ဘူး၊ ၈ နာရီ မထိုးခင်လောက်မှာ သူတို့ အယောက် ၂၀ လောက် ရှိတယ်၊ ရောက်လာပါတယ်။ ရောက်လာတဲ့အချိန်မှာ ကျောင်းဆရာ ၂ ယောက် အပါအဝင် ၄ ယောက်ကို ကျွန်တော်တို့ရှေ့မှာ တခါတည်း ဖမ်းသွားတယ် ။ သူတို့ ပလက်ဝစခန်းမှာ ချုပ်ထားတယ်။ ချုပ်ပြီးတော့ ဩဂုတ်လ ၂၈ ရက်နေ့မှာ ရွာသား ၂ ယောက် ပြန်လွတ်လာပြီ။ ကျောင်းဆရာ ၂ ယောက်တော့ အခုထိ မလွတ်လာသေးပါဘူး။

ပြီးရင် ဒေါက်တာ‌အေးကျော်တို့ဆိုလဲ သူတို့ ဖမ်းသွားတယ်။ ကျွန်တော်တို့ ပလက်ဝမြို့နယ်မှာ ဒီအတိုင်း ဆိုရင်တော့ ဆက်နေလို့မရဘူး၊ ဘယ်လိုလုပ်ရမလဲ၊ ဘယ်ကို သွားရမလဲ၊ ဘယ်လိုနေရမလဲ၊ အဲလို သူတို့ တအားစိုးရိမ်တာပေါ့။ တစ်ချို့အသက်အရွယ်ကြီးတဲ့ လူဆိုရင်တော့ တနေရာပြောင်းမယ်ဆိုရင် သူတို့ မရဘူး။ အမျိုးမရှိတဲ့ မိသားစုတွေ၊ ဆင်းရဲသားတွေ၊ ဥပမာ ပြောရမယ်ဆိုရင် ငွေရေးကြေးရေး မတတ်နိုင်တဲ့ လူဆိုရင်တော့ တအားခံစားကြတယ်။ ကျွန်တော်တို့ရွာက ဘယ်လိုဖြစ်မလဲ၊ ဘယ်သူက ကယ်မလဲ၊ အဲလို သူတို့က ကြောက်လွန်းတော့ တွေ့တိုင်းသူတို့ငိုနေတယ်။ ပိုဆိုးတာက ကျွန်တော်တို့ ပလက်ဝမြို့နယ်က သတင်းမီဒီယာနဲ့ တအားဝေးတာကိုး။ ဒီနေ့အဖြစ်အပျက်ကို မီဒီယာကို ပြောလို့မရဘူး။ ဖုန်းလိုင်းလဲ မရဘူး။ သူတို့ပြည်သူတွေကို အနိုင်ကျင့်တာက သတင်းမီဒီယာမရှိတဲ့ အချက်လဲ ပါတယ်။ သတင်းမီဒီယာတွေ တခါမှ မရောက်ဘူး။ ဖုန်းလိုင်းလဲ မရဘူးဆိုတော့ သူတို့လိုချင်သလို ပြည်သူကိုအနိုင်ကျင့်တာပေါ့။

KMG ပေးပို့သည်။