ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းပေါ်က အနန်းကွင်းဗျုဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အနန်းကွင်းဗျုဟာတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့သည့် သြဂုတ်လလယ်ခန့်မှစတင်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် အောက်တိုဘာလအထိ ၃ လကြာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့ ပြောဆိုမှုအရ သိရသည်။
“စစ်ကြောင်းထိုးလာတာ ရှိတယ်။ ထိုးလာတဲ့စစ်ကြောင်းကို ပိတ်ဆို့ထားပါတယ်။ ဒါကြောင့် အခုထိတော့ သူတို့ (စစ်တပ်) သွားချင်တဲ့နေရာကို မရောက်နိုင်သေးပါဘူး။ ပြီးတော့ ဗျုဟာစခန်းထဲက စကစဘက် တပ်ဖွဲ့ဝင်တွေ စခန်းကနေ ထွက်ပြေးသွားတာရှိတယ်။ တော်လှန်ရေးအဖွဲ့တွေမှာ လက်နက်ချ အလင်းဝင်တဲ့သူတွေလည်း ရှိလာတယ်” ဟု အနန်းကွင်းဗျုဟာတပ်စခန်း တိုက်ခိုက်မှုတွင် ပါဝင်နေသည့် နဂါးနီစစ်ကြောင်း၊ တပ်ခွဲ-၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အနန်းကွင်းဗျုဟာတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူပေးပြီး၊ ပိတ်ဆို့ခံထားရသည့်စခန်းရှိ တပ်ဖွဲ့ဝင်များအတွက် ခဲယမ်းရိက္ခာများကို လေကြောင်းဖြင့် ချပေးနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“အခုအခြေအနေက နေ့ခင်းဘက်ဆို ငြိမ်တယ်။ ညဘက်ဆိုရင်တော့ လက်နက်ကြီးတွေနဲ့ သူတို့ (စစ်တပ်) ပစ်ခတ်လာတယ်။ အထူးသဖြင့် ညဘက်ဆို အပြန်အလှန် ပစ်ခတ်ဖြစ်ကြတာများတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အနန်းကွင်းဗျုဟာတပ်စခန်းသည် စစ်ကောင်စီအတွက် အရေးပါသည့် ခြေကုပ်စခန်းဖြစ်တာကြောင့် စခန်းမကျရေးအတွက် စစ်ကောင်စီ အမတ (၃၁၈)၊ အမတ (၃၁၅)၊ ခမရ (၅၈၃)၊ ခမရ (၅၈၇) တပ်စခန်းများမှ လက်နက်ကြီးများနှင့် ပစ်ကူပေးနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း မကြာခဏ အသုံးပြုတိုက်ခိုက် နေသည်ဟု ဆိုသည်။
အနန်းကွင်းဗျုဟာတပ်စခန်းသည် ဘုရားသုံးဆူ – သံဖြူဇရပ် လမ်းပိုင်းပေါ်တွင်ရှိပြီး စစ်ကောင်စီအတွက် အရေးပါသည့် တပ်စခန်းတစ်ခုဖြစ်ကာ ပြီးခဲ့သည့်မေလအတွင်းက ထိုလမ်းပေါ်တွင်ရှိသည့် တောင်စွန်း တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ကလည်း အနန်းကွင်းဗျုဟာ တပ်စခန်းနှင့်နီးသည့် လွတ်ရှမ်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။
လက်ရှိတွင် ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းပေါ်က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် အနန်းကွင်းဗျုဟာတပ်စခန်း စခန်းသိမ်းတိုက်ပွဲကြောင့် အနန်းကွင်းရွာအပါအဝင် အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သည့် လွတ်ရှမ်း၊ တညင်၊ ဖာယာ၊ ပုတော၊ ပန်းအောင် စသည့် ကျေးရွာ ၁၀ ရွာခန့်က လူဦးရေထောင်ချီသည် နေအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ယနေ့ထိ နေရပ်မပြန်ကြသေးကြောင်း သိရသည်။
IMNA ပေးပို့သည်။