အင်းတော်ကြီးဒေသ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် နန့်မွန်းစစ်ဘေးရှောင်ပြည်သူများ ကြုံနေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး နန့်မွန်းစစ်ဘေးရှောင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် အင်းတော်ကြီးဒေသတွင် စစ်ကောင်စီတပ်နဲ့ KIA တပ်အကြား တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် နန့်မွန်းမြို့ စစ်ဘေးရှောင်ဒေသခံ ၃၀၀၀ ကျော်သည် စစ်ဘေးတိမ်းရှောင်နေကြသည်မှာ ၄ လကျော်ခန့် ကြာမြင့်လာပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ပြီးခဲ့သည့် ဇွန်လကတည်းက နန့်မွန်းမြို့နှင့် ၂ မိုင်၊ ၃ မိုင် အကွာရှိ ညောင်ပင်၊ ဝှေလုံ၊ ချောင်းဝ စသည့်ကျေးရွာတို့တွင် နှစ်ဖက်တပ်ကြား တိုက်ပွဲများဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတို့သည် လုံခြုံရေးအတွက် စိုးရိမ်ပြီး အင်းတော်ကြီးထဲက ကျေးရွာများတွင် တိမ်းရှောင်နေကြခြင်း ဖြစ်သည်။
တဖက်တွင်လည်း အင်းတော်ကြီးဒေသရှိ စစ်ကောင်စီလက်အောက် ရှမ်းနီပြည်သူ့စစ်အမည်ခံအဖွဲ့က နန့်မွန်းမြို့အတွင်း စစ်ရေးလှုပ်ရှားမှုရှိခြင်း၊ တပ်သား စုဆောင်းခြင်း၊ လူမျိုးရေး ခွဲခြားဆက်ဆံခြင်း၊ မင်္သကာမှုဖြင့် ဒေသခံပြည်သူတို့ကို ဖမ်းဆီးစစ်ဆေးမှုတို့ကို လုပ်ဆောင်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ယင်းအပြင် ရှမ်းနီပြည်သူ့စစ်အမည်ခံအဖွဲ့က နန့်မွန်းမြို့ စစ်ဘေးရှောင်ကျေးရွာများထဲရှိ လူမရှိသည့်နေအိမ်များနှင့် ခရစ်ယာန်ဘာသာရေးကျောင်း၊ စာသင်ကျောင်းနေရာတို့တွင် တပ်ချထားပြီး စစ်ရေးလှုပ်ရှားနေသည့်အပြင် ဒေသတော်လှန်တပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှုရှိနေတာကြောင့် နန့်မွန်းစစ်ဘေးရှောင် ပြည်သူ ၃ ထောင် ကျော်သည် လက်ရှိအချိန်ထိ နေရပ်ပြန်လို့မရသေးဟု ပြောဆိုကြသည်။
ထိုအခြေအနေကြောင့် နန့်မွန်းဒေသခံ စစ်ရှောင်ပြည်သူများ မိမိတို့မြို့ရွာကိုစွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည့်အခြေအနေ၊ လက်ရှိတိမ်းရှောင်နေကြရသည့်နေရာတွင် ရင်ဆိုင်ကြုံနေကြရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး နန့်မွန်းစစ်ဘေးရှောင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ စစ်ရှောင်ကာလ ၄ လကြာရှိလာပြီဆိုတော့ လက်ရှိစစ်ရှောင်နေရတဲ့ အခက်အခဲတွေကိုလည်း ပြောပေးပါအုံး။
ဖြေ။ ။ အိမ်ကနေ စရှောင်ကတည်းကတော့ တစ်လလောက်စားဖို့က ယူလာကြတယ်။ အားလုံးကတော့ မယူလာနိုင်ကြဘူး။ ပါလာသလောက်က ဒီ ၃ လကျော်လောက်မှာ စားလို့ကုန်သွားပြီ။ တဖက်မှာ စစ်ရှောင်အကူအညီတွေကလည်း မရှိသလောက်ပါပဲ။ အဓိကတော့ အစားအသောက်ပေါ့။ ဆေးဝါးနဲ့ နေရာအခက်အခဲတွေလည်း ဖြစ်နေပါတယ်။
မေး။ ။ အခုတိမ်းရှောင်နေကြတဲ့နေရာက အသွားအလာခက်ခဲတဲ့ နေရာလား။ လက်ရှိ ဘယ်မှာတိမ်းရှောင်နေကြပါလဲ။
ဖြေ။ ။ နန့်မွန်းဒေသခံပြည်သူတွေက မြစ်ကြီးနားနဲ့ တခြားမြို့ကြီးနေရာကို သွားလာဖို့ တော်တော်ခက်ခဲသွားတယ်။ ဒီကနေ သွားတဲ့လမ်းတွေမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေ အရမ်းစစ်တယ်။ တချို့လမ်းတွေဆိုရင် အခုချိန်ထိ ပြန်မဖွင့်သေးဘူး။ အရင်ကတော့ ဖားကန့်ဘက်ကို သွားကြတာများတယ်။ အခုက အဲဒီဘက်မှာလည်း သွားလို့မရတော့ ပိုခက်ခဲသွားတာပေါ့။ ကြားထဲမှာ ကုန်စျေးနှုန်းတွေက အဆမတန်တက်ပြန်တော့ တော်တော်ခက်ခဲလာတယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ အခု နန့်မွန်းစစ်ရှောင်တွေက တစ်မြို့လုံးက တိမ်းရှောင်နေကြတာပါလား။ စစ်ရှောင်လူဦးရေက ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ နန့်မွန်းမြို့က ဆနွန်းကုန်၊ ဟင်းသာနဲ့ တခြားရွာအသီးသီးကလည်းပါကြတယ်။ တခြား ရှမ်း၊ ဗမာ လူမျိုးတွေ စစ်ရှောင်က နှစ်ထောင်ကျော်လောက်ရှိတယ်။ ကချင်လူမျိုး ဘာသာရေးပေါင်စုံက အားလုံးဆိုရင် တစ်ထောင်ကျော်ရှိတယ်။ အိမ်ခြေ ၂၀၀ ဝန်းကျင်လောက် ရှိပါတယ်။ စစ်ရှောင်အားလုံး ပေါင်းရင်က သုံးထောင်ကျော် ရှိပါတယ်။ စစ်ရှောင်တွေက တိမ်းရှောင်ကြတဲ့နေရာက မတူကြပါဘူး။ တချို့က တခြား နန့်မွန်းမြို့နဲ့ နီးတဲ့ရွာတွေမှာ တိမ်းရှောင်နေကြတယ်။ တချို့က မြို့ပေါ်တွေမှာ တိမ်းရှောင်နေကြတယ်။
မေး။ ။ အကူအညီကိုရော ဘယ်အဖွဲ့အစည်းကနေရရှိနေပါလဲ။
ဖြေ။ ။ ဖုန်းလိုင်းတွေ ပြတ်သွားကတည်းက ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရတော့ဘူး။ အဲ့ဒါကြောင့် ဘယ်သူမှလည်း မသိတာလည်းပါမယ်ထင်တယ်။ အကူအညီကတော့ အရင်ကတည်းကလည်း သိပ်မရပါဘူး။ အကူအညီနဲ့ပတ်သက်ရင် KBC က တကြိမ်လာဖူးတယ်။ နောက် ဂရုဏာအဖွဲ့တွေလည်း တကြိမ်လာဖူးတယ်။ အဲ့ နှစ်ကြိမ်ပဲလာပါသေးတယ်။
မေး။ ။ လက်ရှိ အရေးပေါ်ကူညီပေးဖို့ဆိုရင် ဘာတွေလိုအပ်နေတာပါလဲ။
ဖြေ။ ။ အဓိကတော့ အစားအသောက်ပါပဲ။ အစားအသောက် ခက်ခဲနေတဲ့အချိန် တဖက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်ဆိုရင် ကျနော်တို့စစ်ရှောင်တွေ ပိုပြီးတော့ ဒုက္ခရောက်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစားအသောက်တွေရှိထားရင်တော့ ဘယ်ကိုပဲထွက်ပြေးရထွက်ပြေးရ ဘယ်လိုအခြေအနေပဲ ဖြစ်လာပါစေ။ ကျနော်တို့နေရာဆိုရင် လုံခြုံရေး လုံးဝမရှိတဲ့နေရာဖြစ်တယ်။ အချိန်မရွေး ဘာမဆိုဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ စစ်ရှောင်တွေကလည်း ဒီအခြေအနေကိုပဲ စိုးရိမ်နေကြတာပါ။
မေး။ ။ အဲဒီဘက်မှာရော စစ်ရေးအခြေအနေက ဘယ်လိုရှိနေပါလဲ။
ဖြေ။ ။ ဒီဘက်မှာက တချို့စစ်ရှောင်တွေဆိုရင် ပြီးခဲ့တဲ့နှစ်လလောက်မှာပဲ KIA သိမ်းပိုက်ထားတဲ့နေရာတွေမှာ တိမ်းရှောင်နေကြတာလည်းပါတယ်။ မြေပြင်ကလည်း စစ်ကြောင်းထိုး တိုက်ပွဲဖြစ်လာမှာကိုတော့ အဲ့လောက် မစိုးရိမ်ရဘူး။ အဓိက လေကြောင်းရန်ကိုပဲ စိုးရိမ်နေရတယ်။ နောက်တခုက အနီးတဝိုက်မှာရှိကြတဲ့ တပ်စခန်းတွေက လက်နက်ကြီးကျမှန်မှာလည်း စိုးရိမ်နေရတယ်။
မေး။ ။ လက်ရှိ စစ်ရှောင်ပြည်သူတွေထဲက ကျောင်းသားတွေရဲ့ပညာရေးအခြေအနေရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ တိမ်းရှောင်နေတဲ့စခန်းမှာ တတ်မြောက်တဲ့သူတွေက သင်ကြားပေးတာတွေ၊ နောက်တချို့က ရွေးချယ်စရာမရှိတော့ စစ်ကောင်စီဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာထားကြတယ်။ ပညာရေးနဲ့ပတ်သက်ပြီးတော့ အဲဒီလိုသွားကြတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်ပြောချင်ပါလဲ။
ဖြေ။ ။ ဖြစ်နိုင်ရင်တော့ တတ်နိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့ ကျနော်တို့စစ်ရှောင်တွေ အခက်အခဲဖြစ်နေတဲ့နေရာတွေမှာ တတ်နိုင်သလောက်လေး ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်။
KNG ပေးပို့သည်။