ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ရေဘေးဒဏ်ကို ရင်ဆိုင်ကြုံခဲ့ကြရသည့် ကရင်နီပြည်က စစ်ရှောင်ဒေသခံလူထုအတွက် လက်ရှိ၌ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနိုင်ရန် အကူအညီများ လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
ရေဘေးသင့်ခဲ့ကြသည့် စစ်ရှောင်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးကဏ္ဍတွင် စားဝတ်နေရေးအပြင် ပညာရေးကဏ္ဍပါ ပုံမှန်ပြန်လည်ပတ်နိုင်ရန် ပိုလိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် နွေဦးဂုရုလေးများအဖွဲ့ အသင်းဝင်တစ်ဦးက ပြောဆိုသည်။
“အဓိကကတော့ စစ်ရှောင်တွေ လုံခြုံတဲ့နေရာမှာ နေထိုင်နိုင်ဖို့ပေါ့။ ပြီးတော့ စားနပ်ရိက္ခာ လုံလောက်စွာရရှိဖို့နဲ့ ကလေးပညာရေးအတွက် ကျောင်းပုံမှန် ပြန်လည်ဖွင့်နိုင်ဖို့က ပိုလိုအပ်ပါတယ်” ဟု နွေဦးဂုရုလေးများအဖွဲ့ အသင်းဝင်တစ်ဦးက ပြောသည်။
နွေဦးဂုရုလေးများအဖွဲ့သည် ပွန်ချောင်းဘက်က ရေဘေးသင့်စစ်ရှောင်များ ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်ပေးနေပြီး လက်ရှိတွင် စစ်ရှောင်စခန်းတချို့ကို စောင်နှင့် စက်သုံးဆီများ ပို့ဆောင်ပေးနေကြောင်း သိရသည်။
အလားတူ စစ်ရှောင်ကူညီရေး အဖွဲ့တစ်ခုဖြစ်သည့် Clean Yangon အဖွဲ့က ရေဘေးသင့်စစ်ရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေး၌ အသုံးပြုနိုင်ရန် အရေးပေါ် ကူညီကယ်ဆယ်ရေးအတွက် ဘက်စုံသုံးကားတစ်စီး၊ ရေကျချိန်မှာ ကမ်းကူးနိုင်မယ့် ဖောင် ပြုလုပ်ရန်အတွက် ကုန်ကျစရိတ်တို့ကို ကူညီပေးသွားမည်ဟု ဆိုသည်။
ယင်းအပြင် စစ်ဘေးရှောင်မိသားစုများအတွက် ဆိုလာမီးအိမ်၊ လာမည့်ဆောင်းရာသီအတွက် စောင်၊ စခန်းအသီးသီးရှိ CDM ကျောင်းဆရာ/ဆရာမတွေ၏ လစာနှင့် ရေဘေးသင့် စစ်ဘေးရှောင်စခန်းရှိ စာသင်ဆောင် လိုအပ်ချက်တို့ကို ဖြည့်ဆည်းဆောင်ရွက်သွားမည်ဟု ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
လက်ရှိ၌ စစ်ရှောင်စခန်းတချို့ ရေပြန်လည်ကျဆင်းသွားခြင်းရှိသလို တချို့နေရာတွင်လည်း ရေပြန်မကျသေးတာကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ရန် လူထု၊ မြို့နယ်အုပ်ချုပ်ရေးနှင့် IEC တို့ ပူးပေါင်းပြီး ဆွေးနွေးလုပ်ဆောင်နေသည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြောသည်။
“ကျနော်တို့ ဒီပုံစံအတိုင်းနေပါလို့ ပြောလို့မရဘူးလေနော်။ လူထုက သူတို့ရဲ့လုံခြုံရေး သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးအရက သူတို့နေသင့်တဲ့ ဆောက်သင့်တဲ့ပုံစံ လုပ်သွားမှာပါ။ ဒါပေမဲ့ ကျနော်တို့က လိုအပ်တဲ့ငွေကြေးနဲ့ ပစ္စည်းတွေကို ပံ့ပိုးနိုင်ဖို့အတွက်ပဲ အဓိက စဥ်းစားတာပေါ့နော်” ဟု ဦးဗညားက ပြောဆိုသည်။
ကရင်နီပြည်ရှိ ဒေသခံစစ်ရှောင်ပြည်သူများသည် စစ်ဘေးအပြင် ရေဘေးပါ ရင်ဆိုင်နေရသည့်အတွက် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းစသည့် လိုအပ်ချက်များရှိနေသည့်အပြင် ရောက်လာတော့မည့် ဆောင်းရာသီအတွက်လည်း စောင်နှင့်အနွေးထည်တို့ လိုအပ်နေကြောင်း စစ်ရှောင်လူထုဆီက သိရပါသည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။