ရန်ကုန် – မော်လမြိုင်လမ်းမပေါ် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

0
140
ပုံစာ - ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းလှည့်လည်စဉ်။ (Photo – CJ)

ကရင်အမျိုးသားအစည်းအရုံး – KNU၊ တပ်မဟာ (၁) နယ်မြေ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအနီး ရန်ကုန် – မော်လမြိုင်လမ်းမပေါ်တွင် ဖြတ်သန်းမောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက်နေ့က ကားအစီးရေ ၈ စီးဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းကို အလူးကျေးရွာဆီဆိုင်နှင့် အထပ်သားစက်ရုံကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သုံးယာဥ်တစ်စီး မီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံး၍ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းနောက် အောက်တိုဘာ ၁၉ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာအနီးသို့ အရပ်ဝတ်များဖြင့် ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA ပူးပေါင်းတပ်က လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထပ်မံသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပူးပေါင်းတပ်တွင်ပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“၁၈ ရက်နေ့က စုစုပေါင်း သူတို့ကား ၈ စီးနဲ့ တက်လာတော့ ၃ စီးမြောက် ယာဥ်ကနေ ကျနော်တို့စတိုက်တာ၊ နှစ်စီးလောက်ကတော့ သံတံတားဂိတ်ကနေ ကျိုက်ထိုဘက်ကို ပြန်တက်သွားတယ်။ နောက်တစ်ရက်ကျ အဲဒီ တိုက်ပွဲဖြစ်တဲ့ ဝန်းကျင်နားမှာပဲ သူတို့ကားတွေကို ပုံပြောင်းပြီး အရပ်ဝတ်နဲ့ကင်းလှည့်လာလို့ ကျနော်တို့ လက်နက်ငယ်တွေနဲ့ သွားတိုက်ကြတာ” ဟု ၎င်းက ပြောပါသည်။

နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီဘက်မှ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းနံဘေး၊ တိုက်ပွဲဖြစ်သည့်နေရာနှင့် နီးစပ်ရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သည့်အတွက် နေအိမ်ပျက်စီးမှုအချို့ရှိသော်လည်း ဒေသခံအထိအခိုက်မရှိကြောင်း ဘီးလင်းနယ်ခံများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီဘက်က အဆိုပါဒေသအနီးတဝိုက်ရှိ ကျေးရွာများတွင်ပါ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းတချို့ ဖြတ်တောက်ထားသည့်အပြင် လက်နက်ကြီးနှင့် ပစ်ခတ်မှုများလည်း ရှိနေသည့်အတွက် သတိဖြင့်နေရကြောင်း အလူးရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လမ်းပိုင်းပေါ်က အိမ်တွေတော့ ကျည်စမှန်တာတွေရှိတယ်။ လက်နက်ကြီးပစ်တာ ရွာစပ်တွေလောက်ပဲကျတာ။ ရွာတွေထဲကို မကျလို့ ဒဏ်ရာရတာမရှိဘူး။ လေယာဥ်ပဲကြောက်ရတာ၊ လက်နက်ကြီးက ပုံမှန်လိုဖြစ်နေပြီ။ ရွာသားတွေက လက်နက်ကြီးသံကြားတဲ့အချိန်သာ သတိနဲ့ ကျန်တဲ့အချိန် အေးဆေးသွားလာ နေကြတာပဲ။ လျှပ်စစ်မီးနဲ့တချို့ ဖုန်းလိုင်းတွေကတော့ ဖြစ်တဲ့နေ့ကတည်းက ဒီနေ့အထိ ဖြတ်ထားတယ်” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောသည်။

အဆိုပါတိုက်ပွဲတွင် KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF တပ်ရင်း (၇၈၀၅) တပ်ခွဲ (၄) မှ တပ်ဖွဲ့ဝင်များအပါအဝင် ကျောင်းသားတပ်မတော် – ABSDF တပ်ရင်း(၃)မှ တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNLA ပူးပေါင်းတပ်ဘက်မှ ထိခိုက်သေဆုံးမှု မရှိကြောင်းလည်း သိရသည်။

ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအနီးရှိ ရန်ကုန် – မော်လမြိုင်လမ်းပိုင်းအား စစ်ကောင်စီက ထောက်ပို့အင်အားဖြည့်တင်းရန် ပြေးဆွဲအသုံးပြုလေ့ရှိသလို ကင်းပုန်းဝပ် စစ်ဆေးလှည့်လည်မှုများကြောင့် အာဏာသိမ်းကာလအတွင်း တော်လှန်ရေးတပ်နှင့် ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထို့အပြင် အလူးကျေးရွာအုပ်စုနှင့် အနီးတဝိုက်ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လေ့ရှိသည့်အတွက် ယခင်က ဒေသခံများအကြိမ်ကြိမ် နေရပ်စွန့်ခွာ ထွက်ပြေးကြရသလို မလုံခြုံမှုကြားမှ ရပ်တည်နေထိုင်ရသော နယ်မြေလည်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here