ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီ၏ ကာကင်းစခန်း (၃) ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အောက်တိုဘာ ၁၉ ရက်က စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရယူလိုက်ကြောင်း သိရသည်။
အင်အား ၈၀ ထက်မနည်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် KNLA ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်မှ စခန်းကိုဝန်းရံပိတ်ဆို့ တိုက်ခိုက်ခြင်းမရှိဘဲ အောက်တိုဘာ ၁၉ ရက် ညပိုင်းမှစတင်ကာ စွန့်ခွာနေကြခြင်းဖြစ်ပြီး အောက်တိုဘာ ၂၀ ရက် မနက်ပိုင်းတွင် တပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားတာကြောင့် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့စစ်တပ်က အဲဒီမှာစခန်းချနေတာ ကြာပြီထင်တယ်။ အင်အားကတော့ ၈၀ လောက်ရှိတယ်။ မနေ့ညက တချို့တဝက် ဒီမနက်ကတော့ အားလုံးထွက်ပြေးကုန်ပြီပေါ့နော်။ ဘလယ်ဒိုရွာဘက်ကို ပြေးသွားတယ်လို့တော့ ကြားတယ်။” ဟု ၎င်းက ပြောသည်။
ကာကင်းစခန်းကို စွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်များမှာ တပ်မ (၄၄) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၈) မှ တပ်ဖွဲ့ဝင်များဖြစ်ပြီး လက်ရှိ အဆိုပါစခန်းများအတွင်း ပူးပေါင်းတပ်ဖွဲ့များပါဝင်သည့် ကော်ဘရာစစ်ကြောင်း (၂) မှ နေရာယူထားကြောင်းလည်း သိရသည်။
ယခုလို ပူးပေါင်းတပ်၏ ပိတ်ဆို့တိုက်ခိုက်မှုမရှိဘဲ စခန်းစွန့်ခွာ ထွက်ပြေးသွားရသည်မှာ အောက်တိုဘာ ၁၇ ရက်နေ့က ထိုင်း – မြန်မာနယ်စပ် ခြေကုပ်စခန်းတစ်ခုဖြစ်သည့် လေးကေ့ကော်မြို့သစ်အနီး၊ စွယ်တော်ကုန်းစခန်းကို KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟုလည်း တော်လှန်ရေး သတင်းရင်းမြစ်က ဖြည့်စွက်ပြောပါသည်။
နယ်စပ်နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအတွက်ဟုဆိုကာ ၂၀၀၃ ခုနှစ်မှ စတင်ပြီး စစ်ကောင်စီက ခြေကုပ်ယူတပ်စွဲထားနိုင်သော ထိုစွယ်တော်ကုန်းတပ်စခန်းကို KNLA အပါအဝင် ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO နှင့် ပူးပေါင်းတပ်များက ၇ လကြာ ပိတ်ဆို့တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
မြဝတီဒေသအတွင်း လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသည့် အဆိုပါစခန်းအား သိမ်းပိုက်ရမိစဥ် စစ်ကောင်စီဘက်မှ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း KNLA ပူးပေါင်းတပ်မှ ရရှိခဲ့သလို ပြည်သူလူထုမှလည်း အောင်ပွဲခံကြိုဆိုခဲ့ကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့က ပြောဆိုသည်။
KIC ပေးပို့သည်။