တနင်္သာရီတိုင်းတွင် တစ်လအတွင်း အရပ်သား ၂၀ ဦး သတ်ဖြတ်ခံခဲ့ရ

By MPM 18 အောက်တိုဘာ, 2024 👁

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အရပ်သား ၂၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူများထဲတွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ၏ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် သေဆုံးသူ ၁၇ ဦးအထိ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် တော်လှန်ရေးတပ်ဖွဲ့များက ဒလန်ခေါင်းစဉ်ဖြင့် သတ်ဖြတ်ခဲ့သူ ၁ ဦးနှင့် ကျန်နှစ်ဦးသည် လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

မြို့နယ်အလိုက် အရပ်သားသတ်ဖြတ်ခံရမှု၌ လောင်းလုံးမြို့နယ်တွင် ၇ ဦး၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် ၅ ဦးစီ၊ ရေဖြူ၊ ဘုတ်ပြင်းနှင့် ထားဝယ်မြို့နယ်တို့က ၁ ဦးစီ ပါဝင်သည်ကို တွေ့ရသည်။

ဖမ်းဆီးခံရမှုတွင် စစ်ကောင်စီက စစ်မှုထမ်းအကြောင်းပြ ဖမ်းဆီးခြင်း၊ ကျေးရွာများကို စစ်ကြောင်းထိုးချိန် အကြောင်းမဲ့ ဖမ်းဆီးတာတို့ကြောင့် ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့ထဲမှ ၁၇၅ ဦးသာ ပြန်လွတ်လာခဲ့သည်ဟု အစီရင်ခံစာအရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်း၌ တနင်္သာရီတိုင်းတွင် အရပ်သား ၁၉ ဦး သတ်ဖြတ်ခံထားရပြီး ၂၃၀ ကျော် ဖမ်းဆီးခံခဲ့ရပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။