ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသတွင် ဖြစ်ပွားနေသောတိုက်ပွဲသည် လူမျိုးအချင်းအချင်းတိုက်ခိုက်ကြသည့် တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီတပ်ထောက်တိုင်များဖြစ်ကြသည့် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များကို ရှင်းလင်းဆောင်ရွက်နေခြင်းဖြစ်သည်ဟု KIO ပြောဆိုသည်။
ကချင်လူထုမျှော်လင့်နေသည့် နိုင်ငံရေးပန်းတိုင်ကို တည်ဆောက်နိုင်ရန် စစ်အာဏာရှင်သက်ဆိုးရှည်အောင် လုပ်ဆောင်ပေးနေသော ဘုံရန်သူများကို တိုက်ခိုက်နေတာသာဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အခုဖြစ်နေတဲ့တိုက်ပွဲက လူမျိုးအချင်းချင်း တိုက်ခိုက်နေကြတဲ့တိုက်ပွဲ မဟုတ်ဘူး။ ဒီအချိန်မှာက မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို ကြည့်ရမယ်ဆိုရင် မိမိတို့လူမျိုးတွေတောင့်တနေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်ယူရမယ့် အချိန်ကောင်း ဖြစ်တယ်။ ဒါကြောင့်မို့ ပြောချင်တာက ကျနော်တို့တွေအားလုံး အတူတကွ စည်းစည်းလုံးလုံးနဲ့ ကိုယ့်လူမျိုးရေးကို တည်ဆောက်ကြရအောင်။ ဒီအချိန်မှာ စစ်တပ်ကို အားပေးထောက်ခံတာတွေ မလုပ်သင့်တဲ့ အချိန်ဖြစ်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
တော်လှန်ရေးခရီးစဉ် အောင်နိုင်သွားချိန်တွင် ကိုယ့်လူမျိုးအရေးကို မိမိတို့ကိုယ်တိုင် စည်းစည်းလုံးလုံးနှင့် နိုင်ငံ့တာဝန်ကို ပြန်လည်လုပ်ဆောင်ရမည်ဖြစ်သောကြောင့် တော်လှန်ရေးတွင် အားလုံးပူးပေါင်းပါဝင်ပေးကြရန် ၎င်းက ဆက်တိုက်တွန်းပြောသည်။
ဆယ်စုနှစ်တစ်ခုကျော်ကြာ ကချင်အထူးဒေသ (၁) ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့များ ထိန်းချုပ်ထားသည့် ချီဖွေနှင့် ဆော့လော်မြို့နှစ်ခုကို KIA ပူးပေါင်းတပ်တို့က စက်တင်ဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့၌ မြို့နှစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ချီဖွေနှင့် ဆော့လော်မြို့နှစ်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် တစ်ပတ်ကျော်အကြာတွင် KIA မြို့သိမ်းစစ်ဆင်ရေးသည် ပန်ဝါမြို့ဘက်ကို ဦးတည်လာနေခြင်းလည်း ဖြစ်သည်။
အောက်တိုဘာ ၁၀ ရက်နေ့က စတင်ပြီး ပန်ဝါနှင့် အနီးဆုံးနေရာ ၁၀ မိုင်အကွာခန့်တွင်ရှိသော လုပီ (ဒေသခေါ်) လောက်ပြည်နယ်ခြားစောင့်တပ်တစ်ခုဖြစ်သည့် ၁၀၀၂ တပ်ရင်းနေရာကို KIA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ၅ ရက်ခန့်အကြာ တိုက်ခိုက်ခဲ့ရာတွင် အောက်တိုဘာလ ၁၅ ရက်နေ့၌ တပ်ရင်းတစ်ခုလုံးကို KIA က အပြီးသတ် ထပ်မံသိမ်းပိုက်လိုက်နိုင်ခဲ့သည်။
KIA တပ်က ထပ်မံသိမ်းပိုက်နိုင်သည့် လုပီ နယ်ခြားစောင့်တပ်ရင်းသည် ကချင်အထူးဒေသ (၁) စစ်ဌာနချုပ်တည်ရာ ပန်ဝါမြို့တစ်ခုလုံးကို စောင့်ရှောက်ကာကွယ်ပေးနေသည့် တပ်ရင်းတစ်ခုဖြစ်သလို ပန်ဝါမရောက်မီ အထိုင်ချထားသော ရှေ့တန်းပြည်သူ့စစ် ဂိတ်နေရာကို လုံခြုံရေးယူပေးနေသည့် တပ်စခန်းလည်း ဖြစ်သည်။
ချီဖွေနှင့် ဖီမော်မြို့နှစ်ခုကြား နဇွန်ဘုတ်ကျေးရွာရှိ နယ်ခြားစောင့်တပ် ၁၀၀၁ တပ်ရင်းနှင့် ကံပိုက်တည်သွားလမ်း စင်ကြိုင်ရွာက နယ်ခြားစောင့်တပ် ၁၀၀၃ တပ်ရင်း စသည့် အရေးပါသော နယ်ခြားစောင့်တပ်ရင်း နှစ်ခုကျန်ရှိနေသေးကြောင်း သိရသည်။
ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသသည် ဆယ်စုနှစ် တစ်ခုအကြာအထိ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များက ထိန်းချုပ်ထားသည့် ကချင်ပြည်တပြည်နယ်လုံးရှိ တိုက်ပွဲဖြစ်ပွားလေ့ မရှိသောဒေသလည်း ဖြစ်သည်။
ပြီးခဲ့သော မတ်လကတည်းက စစ်ဆင်ရေးအရှိန်တင်လာသည့် KIA ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲများသည် စက်တင်ဘာလတွင် ချီဖွေ၊ ပန်ဝါ၊ ဆော့လော် ဒေသဘက်ကို ပြန်လည်ဦးတည်လာခဲ့သည်။
ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဘက်ကို တပြိုင်နက်ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေမှုနှင့်ပတ်သက်ပြီး ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက အခုလို သုံးသပ်ပြောပါသည်။
“KIA က ချီဖွေနဲ့ ဆော့လော်ကို အရင်ထိန်းချုပ် သိမ်းပိုက်လိုက်တာက ပန်ဝါမြို့နဲ့ လဂွေ၊ ဖီမော်၊ အဲဒီ တရုတ်နယ်စပ်တောက်လျှောက် ခေါင်လန်ဖူးဘက်ကိုလည်း ထိုးဖောက်လို့ရမယ့်အနေအထားမှာ ရှိနေတယ်လို့” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
KIA ၏ စစ်ဆင်ရေးသည် ပန်ဝါမြို့နှင့် ခေါင်လန်ဖူးအထိ ထိုးဖောက်သွားနိုင်ပြီး ထိုမြို့နှစ်ခု မသိမ်းပိုက်မီ စစ်ရေးအရ အလွန်အရေးပါသော ချီဖွေနှင့် ဆော့လော်မြို့နှစ်ခုကို တပြိုင်နက် သိမ်းပိုက်လိုက်တာဖြစ်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။
မြေပြင်အရ ချီဖွေမြို့သည် ပန်ဝါနှင့် ဖီဖော်ဘက်ကို သွားလို့ရသောလမ်းကြောင်းဖြစ်သလို ဆော့လော်မြို့သည်လည်း ခေါင်လန်ဖူးနှင့် လန်းဆယ် ဒေသတို့ကိုပါ ထိန်းချုပ်ရန် လွယ်ကူသွားသည့် အနေအထားဖြစ်သည်။
ထိုအခြေအနေကြောင့် KIA ပူးပေါင်းတပ်သည် ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်တို့အတွက် အဓိကအရေးပါသည့် ဌာနချုပ်နေရာများကို သိမ်းပိုက်လိုက်ပြီး နယ်စပ်တကြော ထိန်းချုပ်နိုင်ရန်အထိ စခန်းသိမ်းတိုက်ပွဲများကို ယခုနှစ်အတွင်းမှာပင် ဖော်ဆောင်သွားနိုင်သည်ဟုလည်း နိုင်ငံရေးသုံးသပ်သူများက ပြောဆိုကြသည်။
တဖက်တွင်လည်း ချီဖွေ၊ ပန်ဝါနှင့် ဆော့လော်ဒေသတို့၌ KIA က ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတာကြောင့် ယင်းဒေသတွင် အဓိကနေထိုင်ကြသည့် လာချိဒ်၊ လော်ဝေါ်နှင့် လီဆူလူမျိုးတို့ အကြားတွင်လည်း အမြင်မတူသော နိုင်ငံရေးခံယူချက်ဖြင့် လူမျိုးအချင်းချင်းကြား အငြင်းပွားမှုများလည်း ရှိနေကြသည်။
ချီဖွေ၊ ပန်ဝါနှင့် ဆော့လော်ဒေသတို့တွင် တိုက်ပွဲဖော်ဆောင်နေသော KIA အနေနှင့် လူမျိုးအချင်းချင်းကြား ကြီးမားသည့် လူမျိုးရေးပြဿနာများ ဆက်မဖြစ်လာအောင် ဒေသကို အဓိကထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းအဖြေရှာသော လမ်းကြောင်းကိုသာ သွားသင့်သည်ဟု ချီဖွေဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။
“KIO/KIA အနေနဲ့လည်း ကောင်းမွန်တဲ့နည်းလမ်းနဲ့ သွားနေမယ်လို့ ထင်ပါတယ်။ ဒီဒေသမှာရှိကြတဲ့ ပြည်သူတွေကလည်း လက်နက်ကိုင်ပြီး အချင်းချင်းတိုက်ခိုက်ကြတာက ဘယ်သူမှ လိုလားမယ်လို့မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းကောင်းမွန်မွန် ညှိနှိုင်းဆွေးနွေးတာတွေလုပ်ပြီး အဖြေရှာသင့်တယ်။ ဘယ်ဘက်မှလည်း ညှိနှိုင်းမခံ တဖက်နဲ့တဖက် တင်းမာနေရင်တော့ တိုက်ပွဲက ပိုပြီးပြင်းထန်လာဖို့ပဲ ရှိပါတယ်” ဟု ၎င်းက ပြောပါသည်။
ချီဖွေ၊ ဆော့လော်မြို့နယ်ထဲ၌ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တိုက်ပွဲစတင် ဖြစ်ပွားလာသည့်နောက်ပိုင်း ပန်ဝါမြို့တွင် သက်ဆိုင်ရာတာဝန်ရှိ ဘာသာရေးအသင်းအဖွဲ့များက လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှု ရှိသည်ဟု သိရသော်လည်း ပြေလည်မှုရှိမရှိ အခြေအနေကို မသိရှိရသေးပေ။
KIA သိမ်းပိုက်ထားပြီဖြစ်သည့် ချီဖွေ၊ ဆော့လော်မြို့နှစ်ခုတို့တွင် KIO အစိုးရ၏ အုပ်ချုပ်မှုယန္တရားတွေ စတင်လည်ပတ်ရန် ပြင်ဆင်နေပြီဟုလည်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။
သို့သော် လက်ရှိတွင် KIA သိမ်းပိုက်ထားသည့် နေရာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေသလို တိုက်ပွဲများလည်း ဆက်ရှိနေသေးတာကြောင့် KIO အစိုးရ၏ အုပ်ချုပ်ရေးစနစ်လည်ပတ်ရန် ခက်ခဲနေသေးသည်ဟုလည်း သိရသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ချီဖွေမြို့ပေါ်က ဒေသခံထောင်ချီလည်း တိုက်ပွဲများ ဆက်ဖြစ်နေသည့်အတွက် လုံခြုံရေးအတွက် စိုးရိမ်ပြီး မြို့ပေါ်ထဲကို ပြန်ဝင်လာနိုင်ခြင်း မရှိသေးကြောင်း ၎င်းတို့က ပြောဆိုသည်။
KNG ပေးပို့သည်။