တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ထားဝယ်မြို့နယ် ထားဝယ်မြစ်ကမ်းက စက်သုံးဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရာတွင် သေဆုံးသူ ၈ ဦး ရှိပြီး မီးလောင်ဒဏ်ရာရရှိသူ ၃ ဦးထိရှိလာသည်ဟု ဒေသခံများနှင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများထံက သိရသည်။
ထားဝယ်မြို့နယ် ကြက်စာပြင်ရပ်ကွက်ရှိ ထားဝယ်မြစ်ကမ်းတွင် ရပ်နားထားသည့် စက်သုံးဆီတင်သင်္ဘောတစ်စီး အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က မီးလောင်ပေါက်ကွဲခဲ့ရာ တစ်ညလုံးမီးလောင်ကျွမ်းခဲ့ပြီး ယနေ့ အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီခွဲခန့်မှသာ မီးငြိမ်းသက်နိုင်ခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်များ ပြောဆိုချက်အရ သိရသည်။
သင်္ဘောမီးလောင်မှု ဖြစ်စဉ်အတွင်း အလုပ်သမား ၈ ဦး သေဆုံးခဲ့ပြီး မီးလောင်ဒဏ်ရာရရှိသူ ၃ ဦးရှိသည်ဟု ထားဝယ်ဇဗ္ဗူသီရိ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောဆိုသည်။
မီးလောင်ပေါက်ကွဲခဲ့သည့် အဆိုပါဆီတင်သင်္ဘောသည် ထားဝယ်မြို့ပေါ်ရှိ ဆီဆိုင်များကို စက်သုံးဆီ ဖြန့်ဖြူးပေးနေသော သင်္ဘောဖြစ်ပြီး ဘာကြောင့်ပေါက်ကွဲမှုဖြစ် မီးလောင်ခဲ့ရသည်ကို အတည်ပြုပြောနိုင်မှု မရှိသေးကြောင်း ဒေသခံများက ပြောပါသည်။
ဆီတင်သင်္ဘောမီးလောင်ပေါက်ကွဲမှုသည် ဂတ်စ်အိုးပေါက်ခြင်း၊ ဒရုန်းဗုံးကျခြင်း၊ လက်နက်ကြီးကျည်ထိမှန်သည်ဟု ဒေသခံတချို့က ပြောဆိုမှုများရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ကယ်ဆယ်ရေးတွင်ပါဝင်သူတစ်ဦးက “ဒဏ်ရာရအမျိုးသားတစ်ဦးကို မေးမြန်းရာမှာ ပေါက်ကွဲမှုဖြစ်ပြီး မီးမလောင်ခင် အဲဒီအမျိုးသားက သင်္ဘောပေါ်က စက်ခေါင်းခန်းထဲမှာ ကွမ်းယာစားနေခဲ့ကြောင်းနဲ့ ပေါက်ကွဲမှုဖြစ်တာနဲ့ မီးလောင်ခဲ့လို့ ရေထဲခုန်ချပြီး တိမ်းရှောင်ခဲ့ရတယ်လို့ ပြန်ပြောပြပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် သေဆုံးသူတို့၏ ရုပ်အလောင်းကို ထားဝယ်ပြည်သူ့ဆေးရုံးကြီးတွင်ထားရှိပြီး ဒဏ်ရာရရှိသူ အမျိုးသား ၃ ဦးသည်လည်း ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ၎င်းက ဆက်ပြောသည်။
ဆီတင်သင်္ဘော မီးလောင်မှုဖြစ်စဉ် မတိုင်ခင် အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပမည့် သဲကွင်းအနီး ကမ်းနားဈေးရှိ ကားဆိုင်ကယ်များ ရပ်နားသည့်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ထားဝယ်မြို့ခံများက ပြောဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။