ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် သင်္ချိူင်းနယ်မြေကို ကိုးကန့် MNDAA ကသိမ်းယူရန် ကြိုးပမ်းအပေါ် ဒေသခံများက ကန့်ကွက်နေကြောင်း သိရသည်။
မုံးပေါ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သုသာန်မြေနေရာကို ကြံစိုက်ခင်းလုပ်မည်ဟုဆိုကာ ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ကိုးကန့် MNDAA တပ်ကခန့်ထားသည့် မုံးပေါ်အုပ်ချူပ်ရေးမှူးက အသင်းတော်တာဝန်ရှိသူများထံ သုသာန်မြေသိမ်းမည့်ဆိုပြီး အကြောင်းကြားလာသည်ဟု မုံးပေါ်၊ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် အမှုတော်ဆောင်တစ်ဦးက ပြောဆိုသည်။
“သူတို့က ဟိုမှာအားလုံးအဆင်သင့်လုပ်ထားပြီးသား၊ လာညှိနှိုင်းတာမဟုတ်ဘဲ အကြောင်းလာကြားတဲ့ပုံစံမျိုးပဲ။ အဲဒါ ကျနော်တို့အသင်းတော်ဘက်က သဘောမတူကြောင်းပြောတော့ သူတို့က ဒါဆိုအဲဒီသင်္ချိုင်းမြေကို သိမ်းပြီတဲ့။ အုပ်ချူပ်ရေးမှူးက အဲလိုပြောတော့ အသင်းတော်ဘက်ကလည်း MNDAA အရာရှိနဲ့ တိုက်ရိုက်စကားပြောတော့မှ အခုလောလောဆယ်တော့ ဘာမှမလုပ်လာသေးဘူး၊ ငြိမ်နေတယ်” ဟု ၎င်းက ပြောပါသည်။
ကိုးကန့် MNDAA ခန့်ထားသည့် မုံးပေါ်အုပ်ချူပ်ရေးမှူးက သင်္ချိုင်းနယ်မြေကိုသိမ်းယူရန် ၂ ရက်ဆက်တိုက် အတင်းအဓမ္မ လာရောက်ပြောဆိုမှု ရှိလာတာကြောင့် အသင်းတော်ဘက်က သက်ဆိုင်ရာ ကိုးကန့် MNDAA တပ်ဖွဲ့က အရာရှိတစ်ဦးနှင့် တိုက်ရိုက်ပြောဆိုကန့်ကွက်ထားသည်ဟု အသင်းတော်အမှုတော်ဆောင်က ဆက်ပြောဆိုသည်။
အောက်တိုဘာ ၃ ရက်နေ့က မုံးပေါ်၊ ကချင်ဒေသခံ ၁၅၀ ခန့်က သင်္ချိုင်းမြေကို သွားရောက်ခုတ်ထွင် ရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၀ ရက်နေ့အထိ သင်္ချိုင်းမြေနှင့်ပတ်သက်ပြီး ကိုးကန့်ဘက်က တုန့်ပြန်မှုမရှိသေးကြောင်း ဒေသခံများက ပြောသည်။
သို့သော် ကိုးကန့်တပ် MNDAA ဘက်က သင်္ချိုင်းမြေနေရာတွင် ကြံစိုက်ခင်းလုပ်ရန်ဆိုသော ခေါင်းစဉ်တပ်ပြီး လုပ်ငန်းစတင်ရန် အဆင့်သင့်အနေအထားတွင် ရှိနေသည်ဟု ဒေသခံများက ဆက်ပြောသည်။
“ဒါက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာ၊ အသင်းတော်နဲ့ သက်ဆိုင်တဲ့နေရာကို ဒီလိုလုပ်လို့ မရဘူးပြောတော့ သူတို့ပြောပုံအရက အခြားဘယ်သူမဆို လာသင်္ဂြိုဟ်လို့မှ မရတာဆိုတဲ့ ပုံစံမျိုးနဲ့ပြောတယ်။ လက်ရှိ ကိုးကန့်ရဲ့ အခြေနေက ဘယ်နေရာမှာ ဘယ်လိုလုပ်လို့ ရနိုင်မယ်ဆိုတဲ့သဘောနဲ့ အခုလည်း တချို့ကိစ္စတွေမှာ လိုက်ပြီး အနှောက်အယှက်ပေးတာတွေရှိတယ်” ဟု အသင်းတော်အမှုတော်ဆောင်က ဆိုသည်။
မုံးပေါ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သင်္ချိုင်းနယ်မြေကို မုံးပေါ်ဒေသတွင် ရှေးယခင်ကတည်းက သတ်မှတ်ယူထားသည့် နေရာဖြစ်ပြီး ခေတ်အဆက်ဆက် အစိုးရလက်ထက်၌ တရားဝင်သုသာန်နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့ပြီး ၁၀ စုနှစ်ကျော်ကြာပြီဖြစ်သည်ဟု သိရသည်။
မုံးပေါ်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သင်္ချိုင်းနယ်မြေသည် မုံးပေါ်မြို့မြောက်ဘက် လွယ်လင်တောင်ခြေတွင်တည်ရှိကာ ဧက ၂၀ ခန့် ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ကိုးကန့် MNDAA တပ်က မုံးပေါ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် ယင်းဒေသတစ်ခုလုံးသည် ကိုးကန့် MNDAA လက်အောက်တွင်သာ ရှိရမည်ဖြစ်ကြောင်းနှင့် ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုကိုပါ လွတ်လပ်ခွင့် ပိတ်ပင်လာသည်တို့ကို ဆက်တိုက်လုပ်ဆောင်လာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
လက်ရှိ၌ မုံးပေါ်တိုက်နယ်တွင် ကိုးကန့် MNDAA တပ်နှင့် ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO/KIA တို့ နှစ်ဖွဲ့လုံးရှိနေပြီး ဒေသခံပြည်သူများမှာ အဖွဲ့နှစ်ဖွဲ့လုံး၏အမိန့်ကို လိုက်နာနေရကြောင်း သိရသည်။
တဖက်တွင်လည်း ထိုတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့က အုပ်ချူပ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာ၊ ပြဿနာငယ်များ ပုံမှန်ဖြစ်ပွားနေတာကြောင့် အရပ်သားပြည်သူများကြား အဖက်ဖက်က အခက်အခဲဖြစ်နေကြရသည်ဟု သိရှိရသည်။
KNG ပေးပို့သည်။