ထားဝယ်-ထီးခီးသွားလမ်းပိုင်းတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်း ၃ လောင်းတွေ့ရှိ

By MPM 11 အောက်တိုဘာ, 2024 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ထားဝယ် – ထီးခီးသွားလမ်းမကြီးပေါ်ရှိ ကော်သူးလေတပ်မ‌တော် KTLA ဂိတ်အနီးတွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်း ၃ လောင်းကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံရွာသားများက ပြောဆိုသည်။

ထားဝယ် – ထီးခီးသွားလမ်းမကြီးပေါ်ရှိ ပခပ်ကျေးရွာနှင့် ရမ္မဇူကျေးရွာအကြားတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက လက်နှစ်ဖက်ကိုကြိုးချည်ခံထားရပြီး ပုပ်ပွနေသည့်အလောင်းများကို တွေ့ခဲ့ရခြင်းဖြစ်သည်ဟု သွားရောက်ကြည့်ရှု့ခဲ့သူ ရွာသားတစ်ဦးက ပြောသည်။

“ဆိုးဆိုးဝါးဝါး နှိပ်စက်ပြီး အသတ်ခံထားရတဲ့ ပုံမျိုးတွေ့ရတယ်။ ကိုယ်ခန္ဓာတွေမှာ တခြားနှိပ်စက်ထားတဲ့ ဒဏ်ရာတွေလည်းရှိတယ်” ဟု အဆိုပါရွာသားက ပြောသည်။

အလောင်းများကို တွေ့ရှိရသည့်နေရာသည် ကော်သူးလေတပ်မတော် ဆာကဆောတပ်မ – တပ်ရင်း (၃) မှ ဗိုလ်ဒါးကေ၏ စစ်ဆေးရေးဂိတ်အနီး မီတာ ၅၀၀ ဝန်းကျင်ခန့်အကွာဝေးတွင်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သတ်ဖြတ်ခံထားရသူများမှာ အသက်ကြီးပိုင်းနှင့် သက်လတ်ပိုင်းအရွယ်များဖြစ်ပြီး သံတိုသံစ အဟောင်းပစ္စည်းများ လိုက်လံဝယ်ယူနေသူများဖြစ်သည်ဟု ဒေသခံအချို့က ပြောပါသည်။

သတ်ဖြတ်ခံထားရသူများကို အောက်တိုဘာ ၂ ရက်နေ့က ပကာရီကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ၎င်းတို့ထိုင်နေချိန် ကော်သူးလေတပ်မတော်မှ ကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သူ ရွာသားတချို့က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကော်သူးလေတပ်မတော်က တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့သလို ၎င်းတို့ဘက်ကလည်း တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။

အလောင်းများကို အောက်တိုဘာ ၈ ရက်နေ့၊ ညနေပိုင်းမှာပင် လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားတချို့က သွားရောက်ပြီး မီးရှို့သင်္ဂြိုလ်ပေးလိုက်ကြသည်ဟု မြေပြင်သတင်းအရင်းအမြစ်က ပြောဆိုသည်။

NMG ပေးပို့သည်။