သံတွဲတွင် စစ်ဘေးရှောင်တစ်သောင်းကျော် စားဝတ်နေရေးအကျပ်အတည်းကြုံနေ

By MPM 11 အောက်တိုဘာ, 2024 👁

ရခိုင်ပြည်၊ သံတွဲမြို့နယ်က တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် တစ်သောင်းကျော်ဟာ စားဝတ်နေရေး အကျပ်အတည်းကြုံနေကြပြီး အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

အလုပ်အကိုင် ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ ကူညီထောက်ပံ့မှု နည်းပါးသဖြင့် စစ်ဘေးရှောင်အများစုသည် ထမင်းနပ်မမှန် ဖြစ်နေရသည်ဟု ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင် တော်တော်များများက ငတ်တစ်လှည့်ပြတ်တလှည့်နဲ့ ရင်ဆိုင်နေကြရတယ်။ အလုပ်တွေကလည်းရှားသလို ကူညီတဲ့အဖွဲ့တွေကလည်း မရှိသလောက်ပဲဆိုတော့ တော်တော်လေးအခက်ကြုံနေကြတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များမှာ ငပလီမြို့နှင့် ကမ်းခြေတလျှောက် ကျေးရွာများမှဖြစ်ပြီး တိုက်ပွဲစတင်ချိန်မှစ၍ ဘေးလွတ်ရာနေရာများ၌ တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

သံတွဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်များကြောင့် နေရပ်မပြန်နိုင်သေးကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။

“ငပလီကမ်းခြေတလျှောက်လုံးက ဒေသခံတော်တော်များများက ငါးဖမ်းလုပ်ငန်းပဲ အဓိက လုပ်ကိုင်ကြတာ။ အခု ငါးဖမ်းလုပ်ငန်းတွေလည်း ရပ်ထားရ၊ သူများနေရာမှာလည်း စစ်ဘေးရှောင်နေရဆိုတော့ အလှူခံကြတာ၊ တောင်းရမ်းစားသောက်ကြတာတွေ အထိရှိနေတယ်” ဟု ငပလီမြို့မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှုမရှိဘဲ ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်းမှာလည်း အဆမတန် မြင့်တက်နေသဖြင့် စစ်ဘေးရှောင်များ ပို၍ အခက်ကြုံတွေ့နေရသည်ဟု ပြောဆိုကြသည်။

လူမှုကူညီသူများက စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာအရေးနှင့် ပတ်သက်၍ တတ်နိုင်သမျှ ကူညီပေးနေကြသော်လည်း လိုအပ်ချက်များပြားသဖြင့် လမ်းခရီးသွားလာမှု၊ ငွေကြေးစသည့် အခက်အခဲအမျိုးမျိုးကြောင့် လုံလောက်အောင် မထောက်ပံ့နိုင်ကြကြောင်း သိရှိရသည်။

“ကုန်ဈေးနှုန်းက ရခိုင်မြောက်ပိုင်းဒေသနဲ့ နှစ်ဆလောက်ကွာတယ်၊ တော်တော်လေးလည်း ရှားတယ်။ စားကုန်တွေရော၊ တခြားကုန်တွေရော ဝင်ရောက်မှု တအားနည်းတော့ စစ်ရှောင်တွေအပါအဝင် အားလုံးဒုက္ခရောက်နေကြတာ” ဟု စစ်ရှောင်အရေး‌ဆောင်ရွက်နေသူ သံတွဲဒေသခံနောက်တစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ လူဦးရေ ၆ သိန်းကျော်ထိရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီ လိုအပ်ချက်များ မြင့်မားလျက်ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။