တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က လမ်းပိတ်ပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားသည့်အတွက် ကျေးရွာ ၆ ရွာမှ ဒေသခံပြည်သူများ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရသည်ဟု ၎င်းတို့က ပြောဆိုသည်။
စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့တို့က ပြီးခဲ့သည့်စက်တင်ဘာလက စပြီး လုံခြုံရေးအကြောင်းပြချက်နှင့် လမ်းပိတ်ထားသည့်အတွက် ကျော်နီမော်ကျေးရွာကနေ ဖြတ်သန်းသွားလာရသော ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်၊ ညောပြင်၊ ကျောက်မတ်တပ်၊ ကြက်လွတ်၊ ခေါင်လန်းကျေးရွာတို့မှ ဒေသခံများ အခက်အခဲ ဒုက္ခကြုံနေရခြင်းဖြစ်သည်။
စစ်ကောင်စီက လမ်းပိတ်ပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားသည့်အတွက် ဒေသအတွင်း ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီး စားသောက်ကုန်အပါအဝင် အခြေခံစားနပ်ရိက္ခာ ပြတ်လပ်မှုတို့ ဖြစ်ပေါ်နေကြောင်း ကျောက်ဝပ်ပြင်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီပူးပေါင်းအဖွဲ့က ပိတ်ဆို့ကန့်သတ်မှုများကြောင့် ဆန်အိတ်တစ်လျှင် ကျပ်တစ်သိန်းခွဲနီးပါး၊ ကြက်ဥ တစ်လုံး ကျပ် ၇၀၀ ၊ စားဆီတစ်ဗူးလျှင် ကျပ် ၁၀၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာသလို ကျန်ကုန်ပစ္စည်းများလည်း ဈေးနှုန်းအဆမတန် မြင့်တက်နေသည်ဟု ၎င်းက ဆိုသည်။
သို့သော် စစ်ကောင်စီပူးပေါင်းအဖွဲ့က ၎င်းတို့နှင့် ဆက်စပ်မှုရှိသည့် ကုန်သည်တချို့က သယ်ဆောင်လာသော ကုန်ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး ဆက်ကြေးငွေများ တောင်းယူကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ပေးနေသည့်အတွက် စစ်ကောင်စီအဖွဲ့နှင့် နီးစပ်သူများသာ အကျိုးဖြစ်ထွန်းနေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီဘက်က လမ်းပိတ်ပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားသည့်အတွက် ဒေသခံများမှာ အရေးပေါ် ကျန်မာရေးကိစ္စအတွက် ရေလမ်းကြောင်းကနေ ထားဝယ်နှင့် လောင်းလုံးမြို့ကို ခက်ခက်ခဲခဲသွားလာနေကြရကြောင်း ပြောဆိုကြသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- LLPDF ဒုတာဝန်ခံ ကိုကျွဲက စစ်ကောင်စီက ယခုလိုဖြတ်သန်းသွားလာခွင့်ပိတ်ဆို့မှုသည် ဒေသခံပြည်သူများကို ရသည့်နည်းလမ်းနှင့် ညှဉ်းပန်းနှိပ်စက်မှုဖြစ်သည်ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က ကျောက်နီမော်ကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို စခန်းနေရာလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းနောက် စစ်ကောင်စီဘက်က တပ်အင်အား ၄၀ ကျော် ထပ်မံရောက်ရှိလာပြီး ကျေးရွာအတွင်း ကျန်ရှိနေသော ပျူစောထီးများနှင့်ပေါင်းကာ ရွာအလယ်နှင့်ရွာပြင်၌ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး အသွားအလာ ကန့်သတ်ခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။