မြဝတီမြို့သို့သွားလာသည့် ဒေါနတောင်ကျော်လမ်းဟောင်းတလျှောက် ဂိတ်ကြေးကောက်ယူမှု ပိုများလာနေ

By MPM 9 အောက်တိုဘာ, 2024 👁

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့ကိုသွားလာသည့် အာရှလမ်းမကြီးအစား ယခင် ဒေါနတောင်ကျော်လမ်းဟောင်း၌ နေ့စဥ်ကုန်သွယ်သွားလာနေသော မော်တော်ယာဥ်များထံမှ လမ်းတလျှောက်ရှိ လက်နက်ကိုင်ဂိတ်များက ဂိတ်ကြေးငွေကောက်ယူမှု ပိုမိုများပြားလာကြောင်း ယာဥ်မောင်းများ ပြောဆိုမှုအရ သိရသည်။

ထိုင်း – မြန်မာ နှစ်နိုင်ငံကုန်သွယ်သွားရေးအတွက် ဖောက်လုပ်ထားသည့် အာရှလမ်းမကြီးအား တိုက်ပွဲများကြောင့် ၁ နှစ် နီးပါးကြာ ပိတ်ထားခဲ့ပြီးနောက်ပိုင်း ကုန်တင်ယာဉ်နှင့်ခရီးသည်တင် မော်တော်ယာဥ်များသည် ပြည်တွင်းမှ နယ်စပ် မြဝတီမြို့သို့ သွားလာရာတွင် ဒေါနတောင်ကျော်လမ်းဟောင်းနှင့် တောလမ်းများကို အစားထိုး အသုံးပြုသွားလာနေကြသည်။

ယင်းအနက် ဒေါနတောင်ကျော် လမ်းဟောင်းတလျှောက် ဖွင့်လှစ်ထားသော စစ်ကောင်စီဂိတ် အပါအဝင် လက်နက်ကိုင်ဂိတ်များ၏ ဂိတ်ကြေးငွေတောင်းယူမှုသည် ယခင်ကထက် သိသာစွာများပြားလာနေသည်ဟု ဖားအံ – မြဝတီ ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောဆိုသည်။

“တောင်ပေါ်ကဂိတ်ရော အောက်ဘက်ကဂိတ်တွေရော လမ်းကြေးတွေ ပိုတိုးတောင်းတယ်။ ကားသေးတွေဆို တောင်ပေါ်ကိုအတက် ကုန်ပါတယ်နော်၊ အဲဒါ အလယ်ဘိုတဲမှာ အရင်က ၅ သောင်းပဲပေးရတာ အခု ၁ သိန်း ဖြစ်သွားပြီ။ အရင်က ကုန်တဝက်တင်ရင် တစ်ဝက်ကြေးပဲပေးရတာ။ အဲဒါကြောင့် ပစ္စည်းနည်းနည်းပဲ ပြန်ပါလာမယ်ဆို ဘာမှကိုမတင်တော့ဘူး။ ခါလီ (ကုန်မပါ) ပဲ ပြန်တော့တယ်” ဟု အဆိုပါယာဥ်မောင်းက ပြောသည်။

ထို့အပြင် ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ဘုရားသုံးဆူမြို့တွင်လည်း ကုန်တင်မော်တော်ယာဥ်များ သွားလာမှု ပြန်များလာသဖြင့် မြဝတီဘက်သို့ပို့မည် ကုန်တင်ယာဥ်ခမှာ ယခင်ကလောက်မရရှိတော့ဘဲ ပေးရသည့်လမ်းခရီးစရိတ်နှင့် တွက်ချေမကိုက်ကြောင်း ၎င်းက ဆက်ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းအထိ မိုးရွာသွန်းမှုများပြီး လမ်းပျက်စီးသောကြောင့် ထို့ကော်ကိုးလမ်း၊ ကြက်ဥ တောင်လမ်း၊ ၁၀၁၈ လမ်းတို့မှာ သွားလာ၍မရတော့ဘဲ ဒေါနတောင်ကျော် လမ်းဟောင်းတစ်ခုတည်းကိုသာ မော်တော်ယာဥ်များ အသွားအလာများခဲ့ခြင်းဖြစ်သည်။

ထို့ကော်ကိုးလမ်းကဲ့သို့ တောလမ်းများ၌ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဂိတ်ကြေးကောက်ယူမှုရှိသော်လည်း လမ်းဟောင်းလောက် အဆမတန်ပေးနေရခြင်း မဟုတ်သောကြောင့် ရာသီဥတုပြန်ကောင်းပါက တောလမ်းများ အသုံးပြုသွားလာသည့် စရိတ်စကမှာ ပိုနည်းနိုင်ကြောင်း နယ်စပ်ကုန်တင်ယာဥ်မောင်းများက မျှော်မှန်းပြောဆိုကြသည်။

တဖက်တွင်လည်း ထိုင်းနိုင်ငံဘက်က ကုန်စီးဆင်းမှု နှောင့်နှေးနေသည့်အတွက် အဓိက အာရှလမ်းမကြီးကို ပြန်လည်ဖွင့်ပေးရန် မြဝတီ – ကော့ကရိတ် ဒေသဝိုက် နယ်မြေများတွင် လှုပ်ရှားနေသည့် ကရင့်လက်နက်ကိုင် များကို တွန်းအားပေးမှု ရှိနေသည်ဟု မြဝတီကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။

လမ်းကိစ္စနှင့်ပတ်သက်၍ KNU – ကရင်အမျိုးသားအစည်းအရုံးပါဝင်သော လက်နက်ကိုင်လေးဖွဲ့တို့ စက်တင်ဘာလအတွင်းက တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သော်လည်း အာရှလမ်းမကြီး ပြန်ဖွင့်ရေးကိစ္စမှာ ထူးခြားမှုမရှိဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် တပ်အုပ်ချုပ်မှုပိုင်းဆိုင်ရာ သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့အတူ လက်နက်ကိုင်အဖွဲ့စုံ နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားလျက်ရှိနေသည့် ဒေသတလျှောက် လမ်းပိုင်းများအပေါ် ဂိတ်ချ ငွေတောင်းခံနေမှုများနှင့် ပတ်သက်၍ KNU အနေဖြင့် စုံစမ်းသိရှိရသော်လည်း စနစ်ကျသော စီမံအုပ်ချုပ်မှု မလုပ်ဆောင်နိုင်သေးကြောင်း KNU ထံမှ သိရသည်။

KIC ပေးပို့သည်။