လေကြောင်းပစ်ခတ်မှုကြောင့် ရခိုင်တွင် ၄ ရက်အတွင်း အရပ်သား ၂၅ ဦး ထိခိုက်သေဆုံး

By MPM 5 အောက်တိုဘာ, 2024 👁

ယခုအောက်တိုဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်၊ တောင်ကုတ်နှင့် သံတွဲမြိုနယ်တို့တွင် အောက်တိုဘာ ၄ ရက်နေ့အထိ အရပ်သားသေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရရှိသူ ၁၅ ဦး စုစုပေါင်း ထိခိုက်သေဆုံးသူဦးရေ ၂၅ ဦးအထိ ရှိနေသည်။

အောက်တိုဘာ ၄ ရက်နေ့က တောင်ကုတ်မြိုနယ်၊ ကင်းတောင်စံပြရွာကို စစ်ကောင်စီဂျတ်တိုက်လေယာဉ်နှင့် နံနက် ၂ နာရီကျော် တစ်ကြိမ်၊ ညနေ ၃ နာရီကျော် တစ်ကြိမ် တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၉ ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၃ ဦးအထိရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

တနေ့တည်းတွင် နှစ်ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကင်းတောင်ရွာနှင့် အနီးအနားရွာများမှ ဒေသခံများသည် ဘေးလွတ်မည်ဟုထင်ရသောနေရာများသို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ကင်းတောင်ရွာသားတစ်ဦးက “အခု ရွာမှာ လူမရှိတော့ဘူး။ နီးစပ်ရာ၊ ဘေးလွတ်ရာကို ရှောင်နေရတယ်။ ဒီနေ့မနက်ကလည်း ထပ်ပြီးတော့ ဒရုန်းတွေ ပျံတဲ့အသံတော့ ကြားတယ်။ နောက်ထပ်ပစ်မလားဆိုပြီး စိုးရိမ်ကြတယ်။ မနေ့က ဒဏ်ရာရသွားတဲ့သူတွေကိုတော့ နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုနေပါတယ်” ဟု ပြောသည်။

ဒဏ်ရာပြင်းထန်သည့် ကင်းတောင်ကျေးရွာသား ၃ ဦးမှာ ဆေးကုသနေစဉ် သေဆုံးသွားပြီး သက်ကြီးပိုင်း အမျိုးသမီး ၁ ဦးသည်လည်း ဗုံးခိုကျင်းအတွင်း ပိတ်မိခြင်းကြောင့် သေဆုံးသွားခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရသူများထဲတွင် ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများ၏ နာရေးအား ကူညီလုပ်ဆောင်နေသူများလည်း ပါဝင်သည်ဟု ၎င်းက ဆက်ပြောပါသည်။

အောက်တိုဘာ ၁ ရက်နေ့ကလည်း သံတွဲမြိုနယ်၊ ညောင်ခြေထောက်ရွာကို လေကြောင်းနှင့် ဗုံးကြံတိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်းသို ကျရောက်ကာ အမျိုးသားတစ်ဦးသေဆုံးသွားပြီး လူငယ်တစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိသွားခဲ့သည်။

အရပ်သားများနေထိုင်ရာကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေမှုအပေါ် ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက “ပထမတစ်ခုက အာရက္ခတပ်တော်ရဲ့ ဗျူဟာပျက်စီးရေး၊ AA ကြောင့် ပြည်သူတွေ ဗုံးကြဲခံနေရတယ်ဆိုတဲ့ အမြင်မျိုး မြင်သွားအောင်လုပ်တာ။ နောက်တခုက AA ရဲ့ ဆေးရုံ၊ ဆေးခန်း တည်နေရာတွေကို သိချင်လို့ ပြည်သူ တွေကို အနာတရဖြစ်အောင်လုပ်ပြီးမှ နောက်ကနေဒရုန်းတွေနဲ့ ထောက်လှမ်းတာတွေလုပ်နေတာ” ဟု သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ နေ့စဉ်တိုးလာနေပြီး ယင်းလုပ်ရပ်များအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိထိရောက်ရောက် အရေးယူပေးရန်လည်း တောင်းဆိုနေကြသည်။

အောင်ထိန် (DMG) ပေးပိုသည်။