မိုင်းရယ်တွင် ကိုးကန့်တပ်ဖွဲ့ စစ်အင်အားဖြည့်လာပြီးနောက် စစ်ကောင်စီက လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်

By MPM 1 အောက်တိုဘာ, 2024 👁

သျှမ်းပြည်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်အင်အားဖြည့်လာပြီးနောက် စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် စစ်အင်အားများ ဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယခုလိုပြောသည်။

“ကိုးကန့်တွေနဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေက သီပေါ၊ နောင်ကော်ဘက်ကနေ ဟိုဟရွာကို စစ်အင်အားဖြည့်လာတာ။ တော်လှန်ရေးတပ်ဖွဲ့တွေက သူတို့က မန္တလေးတကြောဖက်ကနေ တက်လာကြတာ။ ဒီ ၃ ရက်အတွင်းကို သူတို့အင်အားဖြည့်ပြီး ပိုလှုပ်ရှားနေတာ” ဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယင်းနောက် ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်နေ့ညပိုင်းတွင် ကောင်းနောင်ကျေးရွာကို စစ်ကောင်စီက လေယာဉ် ၃ စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံများ စိုးရိမ်နေကြောင်း မိုင်းရယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“လေယာဉ် ၃ စီး နဲ့ ဗုံး ၇ လုံးလောက် ကျသွားတယ်။ ကိုးကန့်ကလည်း အင်အားဖြည့်ဝင်လာတော့ စစ်ကောင်စီကလည်း အဲ့လိုလျှောက်ပစ်တာပေါ့။ ဒေသခံတွေကတော့ စိုးရိမ်နေကြတော့ နီးစပ်ရာရွာကို ပြေးကြတယ်။ ကိုးကန့်တပ်ဖွဲ့တွေ ရွာတွေထဲရှိနေတော့ စစ်ကောင်စီက ရွာထဲကိုပစ်တာ” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီက ကိုးကန့်တပ်ဖွဲ့ MNDAA ကို ကျူးကျော်စစ်အဖြစ် သဘောထား၍ တိုက်ခိုက်နေကြောင်း စစ်‌ရေးသတင်းရင်းမြစ်တစ်ဦးက ယခုလိုသုံးသပ်ပြောသည်။

“ဒီပြည်တွင်းမှာ ဥပဒေဆိုတာ မရှိတော့ဘူး။ ‌အခုက ကိုးကန့်တွေကို ကျူးကျော်စစ်လို့ စစ်ကောင်စီက သဘောထားပြီး လေယာဉ်တွေနဲ့ တုန့်ပြန်နေတာလေ။ တောက်လျှောက် သူတို့ကပစ်မှာပဲ။ မိုးကုန်ရင် သူတို့ဆက်ချမှာပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဘယ်သူကိုမှမပေးနိုင်တာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက လက်ရှိတွင် ၎င်းတို့လက်လွှတ်ဆုံးရှုံသွားရသည့် လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို လေယာဉ်နှင့် စက်တင်ဘာ ၃၀ ရက်နေ့အထိ နေ့စဉ်ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

လက်ရှိ၌ မိုင်းရယ်မြိုနယ်တွင် ‘ဝ’ တပ်ဖွဲ့ UWSA၊ ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA၊ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ သွားလာလှုပ်ရှားနေကြောင်း ဒေသခံတို့က ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။