အမ်းမြို့ရှိ စစ်ကောင်စီခံတပ် မဲတောင်စခန်းကို AA ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေ

By MPM 1 အောက်တိုဘာ, 2024 👁

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီခံတပ်စခန်းဖြစ်သည့် မဲတောင်စခန်းကို အာရက္ခတပ်တော် (AA) က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်၍ နှစ်ဖက်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။

အမ်းမြို့နှင့် ၂ မိုင်ခန့်အကွာ စစ်ကောင်စီခံတပ်ဖြစ်သော မဲတောင်တွင် စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့်ပါ အသည်းအသန်ခုခံလျက်ရှိကြောင်း သိရသည်။

သတင်းရင်းမြစ်တစ်ဦးက “အမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေက ပိုပြင်းလာတယ်။ ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ဆဲပါ။ စစ်တပ် ဘက်ကတော့ လေကြောင်း၊ လက်နက်ကြီးတွေ တစ်ချိန်လုံးပစ်နေတယ်” ဟု ပြောသည်။

အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ အနီးတွင်လည်း ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်အတွင်း စစ်ကောင်စီတပ် စကခ (၅) လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂ တပ်များမှ အင်အား (၁၀၀) ခန့်ရှိ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က စက်တင်ဘာ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီဘက်က အထိအခိုက် အကျရှုံးတချိုနှင့် ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရုပ်အလောင်း (၅) လောင်းနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲကြောင့် ကျောက်စကွဲ၊ ရွာသာယာ၊ မီးလောင်ချောင်းစသည့် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးမှုများလည်းရှိနေသည်။

ကျောက်စကွဲကျေးရွာမှ မိသားစုဝင် ၃ ဦးသည် စက်တင်ဘာ ၂၆ ရက်က ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးစဉ် လက်နက်ကြီးကျရောက်၍သေဆုံးသွားခဲ့ပြီး ယနေ့အထိ ရုပ်အလောင်းများကို မသယ်ယူနိုင်သေးဟု ရွာသားများက ပြောဆိုသည်။

“အလောင်းက ဒီအတိုင်း ကားလမ်းပေါ်မှာပဲ။ ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် ပြီးခဲ့သည့် မတ်လမှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စစ်ရေးဗျူဟာအရ အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လ ၂၃ ရက်တွင် AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။

လက်ရှိ၌ AA က ထိုးစစ်ဆင်နေသော ကြိမ်ချောင်းနှင့် ခမောင်းတောကျေးရွာကြားရှိ မဲတောင်ကြောတလျှောက်တွင် ကာကင်းစခန်း ၅ ခုအထိရှိပြီး နပခကို ကာကွယ်ရန်အတွက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြည့်တင်းကာ ခံတပ်ပြုလုပ်ထားကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သည် စစ်ကောင်စီအတွက် စစ်ရေး၊ နိုင်ငံရေးအရသာမက ဂုဏ်သိက္ခာပိုင်းအရလည်း အရေးပါသလို အာရက္ခတပ်တော်အတွက်လည်း စစ်ရေးဗျူဟာအရ အရေးပါသဖြင့် အပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်ရေးအကဲခက်သူတို့က ရှုမြင်ကြသည်။

“အခုလိုနေရာမျိုး ကျသွားရင်တော့ သူတို့အတွက် စိတ်တက်ကျဆင်းသွားစေနိုင်တယ်။ ရမခ ပြီးရင် (နမခ) ဆိုသလိုမျိုး ဖြစ်သွားနိုင်တယ်။ AA က သိမ်းပိုက်လိုက်ရင် အမ်းလမ်းကနေ ကုန်စည်စီးဆင်းမှုကိုလည်း အတိုင်းအတာတခုအထိ ဖွင့်ပေးနိုင်မယ်။ တဖက်မှာလည်း ပြည်မတော်လှန်အင်အားစုတွေနဲ့ ပူပေါင်းလို့ရတယ်။ အဲဒါကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအတွက်ပါ အရေးပါတယ်” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

အမ်းမြို့နယ်တွင် နပခ၊ ခမရ – ၃၇၁၊ ခမရ – ၃၇၂၊ ခမရ – ၃၇၃ နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် (GE)၊ စစ်မြေပြင် အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်တပ်ဖွဲ့များရှိကြောင်း သိရသည်။

ရခိုင့်တိုက်ပွဲ ၁၁ လနီးပါးအတွင်း မြို့နယ် ၁၁ ခုအထိ ထိန်းချုပ်ထားသော အာရက္ခတပ်တော်သည် ကျန်တပ်စခန်းများကိုလည်း တစ်ခုမကျန်သိမ်းပိုက်သွားမည်ဟု ကြေညာထားသဖြင့် ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ ရခိုင်ဒေသတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်မည်ဟု စစ်ရေးလေ့လာသူများက ပြောဆိုထားကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။