မွန်ညီညွတ်ရေးပါတီ (MUP) နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရရှိသည့်အပေါ် မွန်ပြည်သူလူထု၏ သဘောထားအမြင်များ။

By MPM 29 စက်တင်ဘာ, 2024 👁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မွန်ညီညွတ်ရေးပါတီ MUP ကို စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်ခဲ့သည်။

စစ်အာဏာရှင်စနစ်နှင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးဆန့်ကျင်နေချိန် မွန်ညီညွတ်ရေးပါတီ (MUP) က တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီး ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ၌ ပါဝင်နိုင်ရေးအတွက် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းသွားမည့်အပေါ် မွန်ပြည်သူလူထုများအကြား ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ်လျက် ရှိနေသည်။

လက်ရှိ၌ မွန်ညီညွတ်ရေးပါတီ (MUP) မှတ်ပုံတင်ခွင့်ရရှိမှုအပေါ် လက်ခံနိုင်မှု ရှိမရှိ၊ ၂၀၂၅ ရွေးကောက်ပွဲသည် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိ/မရှိဆိုသည့်အပေါ် မွန်ပြည်သူတချို့နှင့် မွန်လူငယ်တချို့၏ အမြင်သဘောထားအသံများကို မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။

မွန်လူမှုအဖွဲ့အစည်းမှ မွန်လူငယ်တစ်ဦး

ကျနော့်အနေနဲ့ မကြိုဆိုဘူး၊ အပြည့်အဝဆန့်ကျင်တယ်လို့ ပြောချင်တယ်။ စစ်အာဏာသိမ်းပြီးကတည်းက မွန်နိုင်ငံရေးပါတီ MUP က မွန်ပြည်သူလူထုတွေရဲ့ စကားသံကိုနားမထောင်ဘူး။ ကျနော်တို့လူငယ်တွေရဲ့ အသံကိုလည်း နားမထောင်ဘူး။ အခုလက်တွေ့ကြုံတွေ့နေရတာက ကျနော်တို့အပေါ်ကို ဘာမှကာကွယ်မှု မပေးနိုင်ဘူး။ ဓမ္မသ မီးလောင်တဲ့ကိစ္စ အဲ့နေရာက သူတို့မဲဆွယ်လာရောက်ဖူးတဲ့နေဖြစ်ပေမဲ့ ကာကွယ် မပေးနိုင်ဘူး။ ဝိုင်းဝန် မပြောဆိုပေးနိုင်ဘူး။

သူတို့အနေနဲ့ ပြည်သူတွေအပေါ် ဝန်ဆောင်မှုအပြည့်အဝ မပေးနိုင်ဘူး။ အခုလို နိုင်ငံရေးမှတ်ပုံတင်ခွင့် ပြုလာတဲ့ အပေါ် မွန်လူငယ်အနေနဲ့ လက်မခံဘူး။ မကြိုဆိုဘူး၊ ပုံစံမျိုးစံ ဆန့်ကျင်သွားမယ်လို့လည်း ပြောချင်တယ်။ ရွေးကောက်ပွဲကျင်းပလာရင်လည်း ဒီနိုင်ငံရေးပြဿကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ ဘာလို့ဆို လက်နက်ကိုင် တော်လှန်မှုက အင်အားကြီးနေပြီးတော့ စားပွဲပေါ်မှာတရားဝင်ဆွေးနွေးတာက မွန်လူမျိုးတွေအပါအဝင် တစ်နိုင်ငံလုံးက မကြိုက်ကြဘူး။

ဘီးလင်းမြို့နယ်မှ CDM အမျိုးသမီးတစ်ဦး

ရွေးကောက်ပွဲသာဖြစ်လာရင် မွန်ညီညွတ်ရေးပါတီရော၊ မွန်တိုးတက်ရေးပါတီရောက မွန်လူမျိုးတွေကို ကိုယ်စားပြုမှာမဟုတ်ဘူး၊ ဘာလို့ဆို မွန်ညီညွတ်ရေးပါတီ MUP က စစ်ကောင်စီအဖွဲ့နဲ့ ပူးပေါင်းမယ်လို့ ပြောပြီးကတည်း မွန်လူမျိုးတွေရဲ့ နှလုံးသားထဲမှာ သေဆုံးပြီးသား ဖြစ်နေတယ်။ ပြောရမယ်ဆို သူတို့ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ဝတ်စုံတွေ လက်နက်တွေပြင်ဆင်ထားတဲ့ မွန်လူငယ်တွေရဲ့ အပစ်ပေးခြင်းကို ခံရလိမ့်မယ်လို့ မြင်မိတယ်။ ပြည်သူတစ်ယောက်အနေနဲ့ဆိုရင်လည်း ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ကိစ္စဆို ဘာကိုမှ မထောက်ခံပြီးသားပါပဲ။

ရေးမြို့မှ မွန်လူငယ်တစ်ဦး

MUP မှတ်ပုံတင်ခွင့်ရတဲ့အပေါ် ကျနော်တို့မှာ အမြင် ၂ မျိုးရှိတယ်။ အခုလို နိုင်ငံရေး၊ စစ်ရေး ရှုပ်ထွေးနေတဲ့အချိန်မှာ တစ်ချက် ရပ်တန့်ဖို့နည်းနဲ့ ဒီလိုအခွင့်အရေးပေးတာလား၊ မဟုတ်ရင် မွန်တွေကို နေရာတစ်နေရာပေးပြီး တိုက်ပွဲငြိမ်သက်သွားစေဖို့ လုပ်နေတာလားပေါ့။ ကျနော်တို့မွန်မှာ အဲလိုနေရာရဖို့ မရှိသေးပေမဲ့ အခုလိုအချိန်မှာ အရမ်းသဘောတူတာတော့ မရှိပါဘူး။ ကျနော်တို့ရည်ရွယ်ချက်က မွန်လူငယ်တွေ တော်လှန်ရေးထဲပါဝင်ဖို့ပါပဲ။

ပုံစာ – မွန်ညီညွတ်ရေးပါတီ (MUP) ဝင်များ။

ပြည်ပရောက် မွန်လူငယ်တစ်ဦး

MUP မှတ်ပုံခွင့်ရတာနဲ့ပတ်သတ်ပြီး ဘယ်လိုသဘော ရှိမရှိ မေးလာတဲ့အပေါ်မှာ ဒီမေးခွန်းကိုပဲ သူတို့ကို ပြန်မေးလိုက်ချင်တယ်။ AD အဖွဲ့နဲ့ အခြား မွန်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ MNA, MSDF, MSRF တွေ တိုက်ပွဲဝင်နေတဲ့အချိန်မှာ သူတို့ (MUP) အနေနဲ့ ဘယ်လိုသဘောရပါလဲ။ ပြောချင်တဲ့အဓိပ္ပါယ်က ဒီအချိန်မှာ အခြားတိုင်းရင်းသားတွေဖြစ်သလိုမျိုး ကိုယ်လည်းလိုက်ဖြစ်ရမယ်၊ တိုင်းရင်းသားတွေက တိုက်ပွဲဝင်တယ်၊ လက်နက်ကိုင်တယ်။ ကျနော်တို့ ဘာဖြစ်လို့ မှိုင်နေရတာလဲ၊ ကိုယ့်ပါတီတွေ ဘာလို့တိုက်ပွဲမဝင်လဲ။

အခုဒီကာလ ဒီအခြေအနေမှာဆိုရင် တော်လှန်ရေးအဖွဲတို့တွေ အများကြီးဖြစ်လာတယ်။ မွန်ရော အခြားတိုင်းရင်းသား တွေရော။ ရခိုင်၊ ကချင်နဲ့ ကရင် တွေဆို သူတို့နည်းနဲ့သူတို့ တိုက်ပွဲဝင်ကြတယ်။ သူတို့တွေမှာလည်း နိုင်ငံရေးပါတီတွေ မရှိဘူးလားဆိုတော့ ရှိတယ်။ စားပွဲဝိုင်းပေါ်မှလည်း လုပ်တယ်။ တော်လှန်ရေး ဘက်ကိုလည်း သူတို့လက်မလျှော့ဘူး။ ဒီလို အကြောင်းအရာတွေဆိုရင်တော့ ကျနော်တို့တစ်ယောက်တည်းပဲ ခွဲထွက်သွားတာမျိုးတော့ မဖြစ်သင့်ဘူး။ ယနေ့ နိုင်ငံရေးအချိုးအကွေ့မှာ နှစ်လမ်းလုံးအတူတူသွားသင့်တယ်။

သံဖြူဇရပ်မှ လုပ်ငန်းရှင်တစ်ဦး

ရွေးကောက်ပွဲက ဒီလိုပဲအတင်းလုပ်ယူရင်တော့ ဖြစ်လာနိုင်တာပေါ့လေ၊ ကြိုစားမယ် ဖြတ်လမ်းကနေ လုပ်မယ်ဆိုရင်တော့ ဖြစ်လာနိုင်တယ်ပေါ့၊ နောက်ပြီး ရွေးကောက်ပွဲပြီးသွားရင် ကျနော်တို့နိုင်ငံရေးပြဿနာက တဖက်တော့ ပြီးသွားမယ်လို့ထင်တယ်။ ဒါပေမဲ့ ကောင်းကောင်းနဲ့ပြီးသွားတာမျိုး မဟုတ်ဘူး၊ တဖက်သတ်အတွက်ပဲ လုပ်တယ်လို့မြင်တယ်။ ပါတီတွေကို ပြောရရင်လည်း ပါတီသေသေချာတွေလည်း ဝင်မပြိုင်ဘူး။ အခုကလည်း တဖက်သတ်ပဲ လှုပ်ရှားနေတယ်။

ပြီးတော့ ပြောရမယ်ဆိုရင် စစ်ကောင်စီဘက် အာဏာရထားတာ ၁၀၀% အပြည့် လုပ်ပေးနိုင်တာမရှိဘူးလို့ မြင်တယ်။ စစ်တပ်က သူတို့ရဲ့နည်းလမ်းနဲ့ပဲ သူတို့လုပ်မယ်။ ဒီမိုကရေစီနည်းကျကျနဲ့တော့ balancing ကျကျနဲ့တော့ သူတို့မလုပ်နိုင်ဘူး။ ရွှေးကောက်ပွဲမလုပ်ခင်ကတည်းက ပြည်သူလူထုတွေက အခုကတည်းက အခက်အခဲတွေ ကြုံနေရတာ။ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်လည်း ပြည်သူတွေ သူတို့ရဲ့ကိုယ်ပိုင် အခက်အခဲထဲမှာ ရုန်းကန်နေရတော့ ဒီပွဲအတွက်ကို အပြည့်အဝ စိတ်မဝင်စားနိုင်လောက်ဘူး။

သံဖြူဇရပ် အိမ်ရှင်မတစ်ဦး

အရင်က ကိုယ်လုပ်မှကိုယ်စားတယ်လို့ အမြဲပြောဖြစ်ပေမဲ့ အခုချိန်မှာ ကျမတို့ရဲ့ မီးဖိုချောင်ပစ္စည်းတွေက အပြင်က နိုင်ငံရေးကိစ္စနဲ့ လုံးဝသက်ဆိုင်နေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ အဲ့တော့ စစ်တပ်ကြောင့် ကျမတို့ စားဝတ်နေရေး၊ နေထိုင်ရေး လုံခြုံရေး အစစရာရာ ပြိုကျနေတဲ့အချိန်မှာ သူတို့ (စစ်ကောင်စီ)နဲ့ ပေါင်းမယ့် ဘယ်အဖွဲ့ကိုမဆို ကျမတို့ဆန့်ကျင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

IMNA ပေးပို့သည်။