မော်လမြိုင်မြို့တွင် အိမ်ထောင်စုစာရင်းနှင့် နေထိုင်သူတို့၏အချက်အလက်ကို စစ်ကောင်စီအဖွဲ့ တောင်းခံနေ

0
253
ပုံစာ - မော်လမြိုင်မြို့ ကမ်းနားလမ်းမြင်ကွင်း။ (Photo – CJ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် အိမ်ထောင်စုစာရင်းနှင့် နေအိမ်အတွင်း အမှန်တကယ်နေထိုင်သူတို့၏ ဓါတ်ပုံအချက်အလက်ကို စစ်ကောင်စီလက်အောက် ခရိုင်ထွေအုပ်ရုံးမှ တောင်းခံနေကြောင်း မြို့ခံများက ပြောသည်။

အိမ်တွင်နေထိုင်သည့် လူဦးရေအရေအတွက်အား သိရှိနိုင်ရန် ထိုသို့ စိစစ်လုပ်ဆောင်နေခြင်းဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် အထောက်အကူဖြစ်စေရန် ကြိုတင်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောဆိုသည်။

ယင်းသို့ အချက်အလက်များ ပေးပို့စေပြီးနောက် အိမ်ထောင်စုစာရင်းရှိ လူဦးရေနှင့် နေအိမ်ရှိ လူဦးရေ ကိုက်ညီမှုရှိ/မရှိ စစ်ကောင်စီရုံးအဖွဲ့က အိမ်တိုင်ရာရောက် ပြန်လည်စစ်ဆေးမည်ဟု မြို့ခံတို့ကြားပြောဆိုနေသည်ဟု မော်လမြိုင်မြို့တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“အခုမှ လုပ်ငန်းစအကောင်ထည်ဖော်တဲ့အချိန်ဆိုတော့ အိမ်တိုင်ရာရောက်အထိက မစစ်သေးဘူး။ ဒါပေမဲ့ ကိုယ့်မှာကျန်နေတဲ့မူရင်းတစ်စုံက ပလတ်စတစ်အိတ်ထဲထည့်ပြီး အသေချာသိမ်းထားရတာပေါ့။ နောက်ဆို သူတို့လူဦးရေစာရင်းစစ်တာ ဧည့်စာရင်းစစ်တာပဲဖြစ်ဖြစ် ကိုယ်ထုတ်ပြလို့နိုင်အောင်။ အဓိက အဲ့တာပဲ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီအပြည့်အဝ ထိန်းချုပ်နိုင်သည့် မော်လမြိုင်မြို့တွင်သာ ယခုကဲ့သို့ ညွှန်ကြားကောက်ယူနေခြင်းဖြစ်ပြီး အခြားသော မြို့နယ်တို့တွင် ညွှန်ကြားထားခြင်းမရှိသေးကြောင်း စုံစမ်းသိရသည်။

၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကျင်းပနိုင်ရန် ဒေသခံပြည်သူများ၏ ကိုယ်ရေးအချက်အလက်များရရှိရေးကို စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေကြောင်း နိုင်ငံရေးလှုပ်ရှားသူများက ဆိုသည်။

မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့က ခရိုင်ထွေအုပ်ရုံးမှတဆင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများက မြို့ခံတို့ကို နေအိမ်တွင်းနေထိုင်သူတို့၏ ပက်စပိုစ့်ဓါတ်ပုံဆိုက်ကို အိမ်ထောင်စုစာရင်းမူရင်းတွင်ကပ်ကာ မိတ္တူဆွဲစေပြီး ရပ်ကျေးအုပ်ချုပ်ရေးမှုးရုံး၊ လ ဝ က ရုံးထံ အသီးသီးပို့ဆောင်ပေးရကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

“ကိုယ်ရဲ့အိမ်ထောင်စုစာရင်း မူရင်းပေါ့။ အဲ့မူရင်းမှာ လူဦးရေးစာရင်း ၅ ယောက်ရှိရင် ၅ ပုံ မူရင်းအပေါ်မှာ ကပ်ပေးရတယ်။ အဲ့တာကပ်ပြီးရင် မိတ္တူ ၄ စုံကူးရတယ်။ အဲ့တာကူးပြီးတော့ မူရင်းက ကိုယ့်မှာထား တစ်စုံက ရပ်ကျေးအုပ်ချုပ်ရေးမှုးက ယူတယ်။ နောက် ၃ စုံက လဝကယူတယ်။ ထွေအုပ်က ယူတယ်။ အဲဒီဓာတ်ပုံမရှိတဲ့ စာရင်းဆိုရင် ပယ်ဖျက်မယ်။ နိုင်ငံခြားမှာရှိနေတယ်ဆိုရင်လည်း သူတို့ကိုပြောပြပေးရတယ်။ ဘာနဲ့သွားလဲ တရားဝင်လမ်းကြောင်းကလား တရားမဝင်လမ်းကြောင်းကလား” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း စတင်ကောက်ယူမည် ဖြစ်ခြင်းကြောင့် ရေဘေးသင့်နေစဉ် ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရှိနေသည့် ပြည်သူတို့ နေရပ်အမြန်ဆုံးပြန်နိုင်ရေး စစ်ကောင်စီဥက္ကဌက ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် ကောက်ကွက်ပေါင်း ၃၆၀၀ ကျော်နှင့် ဖွဲ့စည်းထားပြီး စာရင်းစစ်၊ စာရင်းကောက်သူ ၁၂၀၀ နီးပါးဖြင့် ကောက်ယူရန် လျာထားသည်ဟု သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here