30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“မူဆယ်မြို့မှာ ကျားဖြန့်ရောက်လာကတည်းက ကျောင်းနေတဲ့အရွယ် (၁၅) နှစ်ကနေ (၂၀) နှစ်ဝန်းကျင်ကလေးတွေဆို ကျောင်းလည်းမနေချင်တော့ဘဲ ငွေနောက်ပဲလိုက်ကြတော့တယ်။ မိန်းကလေးတွေလည်း ကိုယ့်တန်ဖိုးကိုယ် မထားတတ်ကြတော့ဘူး”...

“မူဆယ်မြို့မှာ ကျားဖြန့်ရောက်လာကတည်းက ကျောင်းနေတဲ့အရွယ် (၁၅) နှစ်ကနေ (၂၀) နှစ်ဝန်းကျင်ကလေးတွေဆို ကျောင်းလည်းမနေချင်တော့ဘဲ ငွေနောက်ပဲလိုက်ကြတော့တယ်။ မိန်းကလေးတွေလည်း ကိုယ့်တန်ဖိုးကိုယ် မထားတတ်ကြတော့ဘူး” မူဆယ်မြို့ခံအမျိုးသားတစ်ဦး

ကျားဖြန့်အကြောင်းပြပြီး စစ်ရေးဖြစ်ပွားလာမည်ကို မူဆယ်ဒေသခံများ စိုးရိမ်နေမှုအပေါ် ရပ်ကျေးအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ မူဆယ်မြို့ခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များက ကျားဖြန့်တိုက်ဖျက်ရေး၊ အွန်လိုင်းငွေလိမ်လည်မှု ကိစ္စပပျောက်ရေးဆိုသည့် ခေါင်းစဉ်နှင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်ကစ၍ “၁၀၂၇ စစ်ဆင်ရေး” ဆိုပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

သို့သော် သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် ကျားဖြန့်၊ အွန်လိုင်းငွေလိမ်လည်မှုများက ဆက်လက်ရှိနေဆဲဖြစ်သည်။ ဒါ့အပြင် မူဆယ်မြို့သည် လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လှုပ်ရှားနေသည့်ဒေသတစ်ခုဖြစ်ပြီး စစ်ရေးပဋိပက္ခမဖြစ်ပွားသေးဘဲ ကင်းလွတ်ရာနေရာတစ်ခုလည်း ဖြစ်သည်။ လက်ရှိ၌ မူဆယ်မြို့တွင် စစ်ကောင်စီက ကျားဖြန့်လုပ်ကိုင်သူများကို ဖမ်းဆီးမှုပြုလုပ်ပေမယ့် ဟန်ပြပြုလုပ်နေသလို ကျားဖြန့်အကြောင်းပြပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားလာမည်ကို မူဆယ်ဒေသခံများက စိုးရိမ်နေကြသည်။

ဘာကြောင့် မူဆယ်ဒေသခံများ စိုးရိမ်မှုရှိနေတာပါလဲ။ ဒီအခြေအနေနှင့်ပတ်သက်ပြီး မူဆယ်မြို့ပေါ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးလည်းဖြစ်သူ မူဆယ်ဒေသခံအမျိုးသားကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ မူဆယ်မြို့မှာ ကျားဖြန့်လုပ်တဲ့သူတွေကို မကြာခဏ ဖမ်းဆီးမှုရှိပေမယ့် ဘာကြောင့်မပြီးဆုံးနိုင်သေးတာလဲဆိုတာ ပြောပြပေးပါအုံး။

ဖြေ ။ ။ အမြဲတမ်းဖမ်းနေတာကလည်း ဟန်ပြဖမ်းပြီးတော့ ပို့နေတာလေ။ တကယ်ရှင်းလင်းချင်ရင်တော့ ရှင်းလို့ရပါတယ်။ အခုက ကျားဖြန့်တွေက လက်နက်ကိုင်ပြည်သူ့စစ်တွေနဲ့လည်း ပတ်သက်နေတယ်။ တကယ့်လူတွေကြတော့ သူတို့ မဖမ်းဘူး။ အသေးအဖွဲ့လောက်ပဲ ဟန်ပြဖမ်းပြီးကို တရုတ်အာဏာပိုင်ကို ပေးပို့နေတာ။ တကယ့်အကြီးပိုင်းဆိုရင်တော့ သူတို့ကလည်း ဖုံးဖိထားပေးတယ်။

ခဏခဏဖမ်းပြီး ခုထိ မပြီးနိုင်သေးဘူး ဆိုတာကလည်း သူတို့ (စစ်ကောင်စီ) အတွက် စားပေါက်တွေ ဝင်ငွေတွေအတွက် အပြီးမဖမ်းတာပါ။ တကယ် ဖမ်းရင်တော့ ဖြစ်နိုင်ပါတယ်။ သူတို့ကျားဖြန်တွေက ခုထိမပြီးနိုင်သေးတဲ့ အကြောင်းအရင်းကလည်း အစိုးရနဲ့ လည်း ဆက်စပ်မှုရှိနေတယ်။ အဲ့ဒါကြောင့် မပျောက်နိုင်သေးတာပါ။

မေး ။ ။ သျှမ်းပြည်မြောက်ပိုင်းမှာ “၁၀၂၇ စစ်ဆင်ရေး” ကလည်း ကျားဖြန့်ကင်းစင်ရေး ဦးတည်ဖမ်းဆီးမှုကနေ စခဲ့တာဆိုတော့ မူဆယ်မြို့ကရော ကျားဖြန့်ဖမ်းဆီးမှုကနေ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ရပါလား။

ဖြေ ။ ။ မူဆယ်မြို့မှာ အကုန်လုံးက စစ်တပ်လက်အောက်ခံအဖွဲ့တွေ ဖြစ်နေတော့ အချင်းချင်းပစ်ခတ်မှု ဖြစ်လည်းခဏပါပဲ။ သူတို့ကလည်း အထက်ကိုလွန်ဆန်နိုင်မှာ မဟုတ်ဘူး။ မူဆယ်မှာတော့ ဒီလိုပစ်ခတ်မှုတွေက အနည်းနဲ့ အများကတော့ ရှိနေတာပဲ။ ဒီလိုတွေ ရှိနေသရွေ့တော့ ပြည်သူတွေ လုံခြုံမှုအတွက်ကတော့ စိုးရိမ်ရတာပေါ့။ အထက်ပိုင်းတွေပြောရင်တော့ အောက်ပိုင်းလက်အောက်ငယ်သားတွေကတော့ နားထောင်မှာပဲ။

မေး ။ ။ မူဆယ်မြို့က ကျားဖြန်လုပ်ငန်းတွေရဲ့ နောက်ကွယ်က ဘယ်အဖွဲ့အစည်းဖြစ်နိုင်ပါလဲ။

ဖြေ ။ ။ ကျားဖြန့်ရဲ့နောက်ကွယ်က ဖြစ်နိုင်ခြေကတော့ ဒီလက်နက်ကိုင်အဖွဲ့တွေပဲပေါ့ဗျာ။ အားလုံးက တရုတ်ကနေလာတဲ့လူဆိုတော့ ဒီဘက်က တခုခုလုပ်တော့မယ်ဆို ပြည်သူ့စစ်နဲ့ပေါင်းပြီး လုပ်ကြတယ်။ ပြည်သူ့စစ်နဲ့ အစိုးရနဲ့လည်း မကင်းပါဘူး။ ဒီအပိုင်းနဲ့ ပတ်သတ်လာရင် ငွေကြေးကျတော့လည်း တရုတ်ပြည်က လာတဲ့လူတွေကပဲ ကုန်ကျခံပြီးတော့မှ စီးပွားရေးပိုင်းတွေ လုပ်တာပေါ့။ အဲ့ဒီလက်နက်ကိုင်အဖွဲ့ဆိုရင်တော့ တိုက်ပွဲကြတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

မေး ။ ။ လက်ရှိ မူဆယ်မြို့မှာ ကျားဖြန့်လုပ်ငန်းတွေ ဘယ်လိုအခြေအနေအထိရှိနေလဲ။ ဒေသခံတွေအတွက် ဘယ်လိုသက်ရောက်မှုတွေ၊ ဆိုးကျိုးတွေရှိနေပါလဲ။

ဖြေ ။ ။ ကျားဖြန့်ရဲ့အခြေအနေက ဒီတိုင်းကြည့်ရင်တော့ ဆိုးနေတဲ့အနေအထားတော့ မဟုတ်ပေမဲ့ သေချာပြန်သုံးသပ်ကြည့်ရင်တော့ ပြည်သူတွေကို တော်တော်လေးထိခိုက်ပါတယ်။ ဘယ်လိုထိခိုက်လဲဆိုတော့ သူတို့က သူဌေးနဲ့ လဝက် (၁၅) ရက်လောက်နေပြီးရင် နောက်တစ်ယောက် ပြောင်းတယ်ဆိုတော့ လူတစ်ယောက်ရဲ့ တန်ဖိုးက ပျက်စီးတာပေါ့။ တချို့နယ်ကလာတဲ့လူတွေကြတော့ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရတဲ့ ကိစ္စတွေလည်း ရှိလာတယ်။ ကြားသိရသလောက်ဆိုရင် ကျားဖြန့်ကထွက်လာတဲ့ ကောင်မလေးတွေဆိုရင် ငွေတော်တော်ရတော့ လုပ်ချင်တာလုပ်ကြတယ်။ နယ်ကလာတဲ့ ကောင်မလေးတွေဆိုရင် သူတို့ကိုအပြင်ခေါ်ရင် တစ်ညကိုယွမ်နှစ်ထောင် (မြန်မာငွေ ၁၀ သိန်းကျော်) လောက်ရကြတယ်။

တချို့မိဘတွေက မသိတော့ ကျားဖြန့်က ကောင်းပါတယ်။ ကိုယ့်သားသမီးတွေအတွက် အလုပ်ကောင်းရှိတယ်လို့ပဲ ထင်ကြတာပေါ့။ လူငယ်တွေက တရုတ်စာ တရုတ်စကားတတ်ရင် အဲ့မှာအလုပ်သွားလုပ်ကြတယ်။ အရင်က တရုတ်စာ တရုတ်စကားတွေတတ်ရင် ဆိုင်တွေစောင့်ကြတယ်။ အရောင်းဝန်ထမ်းတွေ လုပ်ကြတော့ အခုက ကျားဖြန့်တွေ လုပ်လာကြတယ်။ ပြီးတော့ ငွေကလည်း တော်တော်ရတာကိုး။ သူ့ရဲ့ ဆိုးကျိုးကြတော့ ဘယ်သူမှ မသိကြဘူး၊ သိတယ်ဆိုရင်တောင် နောက်ပိုင်းကြမှဖမ်းတယ်။ နောက်ပိုင်းမှ လက်မခံနိုင်တာတွေ ဖြစ်တာပေါ့။ အခုလိုတွေ ဖမ်းလိုက်တော့လည်း ကောင်းသွားတယ်လို့ ပြောရမလားပေါ့။

မေး ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေရော၊ ပြည်သူ့စစ်လက်နက်ကိုင်တွေရော ပေါများနေတော့ ဒေသခံတွေအတွက် မူဆယ်မြို့အတွက် ဘယ်လိုစိုးရိမ်မှုရှိလဲ။

ဖြေ ။ ။ မူဆယ်မြို့ပတ်ပတ်လည်က တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ သူ့အဖွဲ့နဲ့သူတော့ ရှိနေတာပဲ။ မြို့ထဲအတွက်တော့ ဘာမှထူးခြားတာ မရှိသေးဘူး။ တိုင်းရင်သားလက်နက်ကိုင်တွေရော၊ ပြည်သူ့စစ်တွေရော များနေတယ်ဆိုတော့ ဒေသခံပြည်သူတွေအတွက်က စိုးရိမ်နေရတယ်။ ပြည်သူတွေမှာ လက်နက်မှမရှိတာ၊ သူတို့ကသေနက်တွေ ကိုင်ထားရင် ကြောက်နေရပြီလေ။ တချို့တွေကလည်း သေနတ်တွေ ကိုင်ကြတယ်။ ဘယ်ကနေဘယ်လိုရပြီး ကိုင်ကြလဲမသိဘူး။ ဘယ်အဖွဲ့ကဟာတွေလည်း မသိဘူး။ တချို့ကလည်း ပိုက်ဆံရှိရင် ဝယ်ကိုင်နေကြတော့ တကယ့်လက်နက်ကိုင်အဖွဲ့က ဟုတ်ရဲ့လားဆိုတာ သေချာမသိရတော့ဘူး။

မူဆယ်မြို့မှာ ကျားဖြန့်ရောက်လာကတည်းက ကျောင်းနေတဲ့အရွယ် (၁၅) နှစ်ကနေ (၂၀)နှစ်ဝန်းကျင် ကလေးတွေဆို ကျောင်းလည်းမနေချင်တော့ဘဲ ငွေနောက်ပဲလိုက်ကြတော့တယ်။ မိန်းကလေးတွေလည်း ကိုယ့်တန်ဖိုးကိုယ် မထားတတ်ကြတော့ဘူး။ အခုက သူခိုးတွေလည်း များလာတယ်၊ သေနတ်တွေနဲ့ လာတာ ဆိုတော့ ပိုင်ရှင်လည်း ကိုယ့်အသက်သေမှာ ကြောက်ကြရတယ်လေ။ အပျော်အပါးလိုက်တဲ့ ကောင်လေးတွေ ကလည်း မိဘတွေဆီက ပိုက်ဆံတောင်းလို့မရရင် ခိုးဆိုးလုယက်မှုတွေလုပ်ပြီးတော့ ဘယ်နေရာမဆို ပိုက်ဆံအိတ်တွေ၊ ဆိုင်ကယ်တွေကို လုတာတွေ လုပ်လာတယ်ပေါ့။ ဒါတွေကတော့ ကျားဖြန့်တွေရဲ့ ဆိုးကျိုး သက်ရောက်မှုတွေပေါ့။

သျှမ်းသံတော်ဆင့် ပေးပို့သည်။