တနင်္သာရီမြို့ ရက်ရှည်တိုက်ပွဲအတွင်း နှစ်ဖက်တပ်အကြား ထိခိုက်သေဆုံးမှုများရှိနေ

By MPM 28 စက်တင်ဘာ, 2024 👁 4

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ထဲတွင် နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း နှစ်ဖက်တပ်အကြား ထိခိုက်သေဆုံးမှုများရှိနေသည်ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) ထံက သိရသည်။

စစ်ကောင်စီတပ်ဘက်က တပ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် ခြောက်မိုင်ရွာနှင့် ဘန်လောကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စက်တင်ဘာ ၄ ရက်နေ့ကစပြီး ၂၂ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်ဟု ဆိုသည်။

တော်လှန်ရေးအင်အားစုတို့ ပြောပြချက်အရ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တစ်နေ့လျှင် အနည်းဆုံး ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရက်ပေါင်း ၂၀ နီးပါးကြာ ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့ပြီး ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ထံမှ သေနတ် ၂ လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေး မဟာမိတ်ပူပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုပါသည်။

စက်တင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး ထွက်ပြေးပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွင် အလင်းဝင်ခဲ့သည်ဟု ဆိုသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်က တနင်္သာရီ ဗောဓိကမ်းတံတားမှ စစ်ကြောင်းထိုးလာချိန် မြို့ပေါ်က အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး ဘန်လောရွာရောက်မှ ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံရွာသားများထံမှ သိရသည်။

စစ်ကြောင်းထိုးချိန် အဆိုပါကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွဲထိန်းကုန်း၊ ဘန်လော၊ ဘန်လင်နှင့် ညောင်ပင်ကုန်းကျေးရွာများက ဒေသခံအရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့သလို ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထိုစစ်ကောင်စီစစ်ကြောင်းသည် ဘန်လောကျေးရွာအုပ်စုဘက်၌ ဆက်ရှိနေပြီး စက်တင်ဘာ ၂၄ ရက်နေ့ကလည်း ဘန်လမွတ်ရွာအနီး ပြည်ထောင်စုလမ်းမကြီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် လက်ရှိအချိန်ထိ နှစ်ဖက်ကြား စစ်ရေး တင်းမာလျက်ရှိနေသည်။

အဆိုပါတိုက်ပွဲများကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၁) ၊ စစ်ကြောင်း (၂) ၊ KNLA တပ်ရင်း (၁၁)၊ KTLA၊ တောကြီးမြွေဟောက်မိုင်းအဖွဲ့ (ပုလော ပကဖ)၊ ဒရုန်းအဖွဲ့၊ မြိတ်ခရိုင် ဒရုန်းအဖွဲ့နှင့် ADF ဒရုန်းအဖွဲ့စသည့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးအပတ်ကလည်း တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာထဲကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် လေးရက်ဆက်တိုက် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့သေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။