ရခိုင်ပြည်၊ မြေပုံမြို့ရှိ တောင်ပေါ်ဒုက္ခသည်စခန်းမှ မွတ်ဆလင်ဒုက္ခသည် သုံးထောင်ကျော်သည် ကူညီထောက်ပံ့မှုများ မရရှိတော့တာကြောင့် စားဝတ်နေရေးအကျပ်အတည်းနှင့် ကြုံတွေ့နေကြရသည်ဟု စခန်းတာဝန်ရှိသူများ ပြောဆိုမှုအသိရသည်။
ဒုက္ခသည်များကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် အခြားသောလူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးနေခြင်းဖြစ်ပြီး လက်ရှိ၌ အကူအညီမရရှိသည်မှာ အချိန်ကြာလာပြီဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
“အရင်ကတော့ စားနပ်ရိက္ခာ၊ လောင်စာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပုံမှန်ရရှိခဲ့လို့ အခက်အခဲမရှိဘူး။ အခုက ထောက်ပံ့ကြေးမရတာ ငါးလလောက်ရှိနေပါပြီ” ဟု အဆိုပါ စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒုက္ခသည်များမှာ ကူညီထောက်ပံ့မှုမရရှိသည့်အထဲ အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် စားဝတ်နေရေး ကျပ်တည်းလာပြီး အစားအသောက်ကို ချွေတာစားသောက်နေရသည်ဟု ပြောဆိုကြသည်။
ဒုက္ခသည်တစ်ဦးက “အကူအညီပေးတဲ့လူတွေလည်း မလာတော့ဘူး။ အလုပ်တွေ လုပ်ဖို့ကလည်း အဆင်မပြေတော့ အခုဆန်နှစ်ဗူး (နို့ဆီဗူး) ကနေ တစ်ဗူးလျှော့ပြီး စားနေရတယ်” ဟု ပြောသည်။
ယင်းအပြင် စခန်းအတွင်း နာတာရှည်ရောဂါသည်များအပြင် အရေပြားရောဂါ ဖြစ်ပွားသူများရှိနေပြီး ဆေးဝါးရှားပါးမှု၊ ငွေကြေး အခက်အခဲများကြောင့် ဆေးဝါးမကုသနိုင်ဟု မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။
လူမှုအဖွဲ့အစည်းတချို့က တခါတရံ ကျန်းမာရေးစောင့်ရှောက်မှုများ လာပေးသော်လည်း လိုအပ်ချက်များပြား၍ လုံလောက်မှုမရှိကြောင်း ၎င်းတို့ ပြောဆိုကြသည်။
တောင်ပေါ်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၇၃၀ ခန့် လူဦးရေ ၃,၁၀၀ ခန့်ရှိပြီး ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းတွင် နေထိုင်နေကြရခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ကန့်သတ်ချက်များကြောင့် နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များအား လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လွတ်လပ်စွာပေးအပ်ရန် အခက်အခဲများရှိနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။