အာဏာသိမ်းကာလအတွင်း KNU ထိန်းချုပ်နယ်မြေက လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားမှုများနှင့် ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးနှင့် မေးမြန်းချက်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆိုးဆိုးဝါးဝါး ကျူးလွန်လုပ်ဆောင်ခဲ့သည်။
၄ နှစ် နီးပါးရှိလာသည့် အာဏာသိမ်းကာလအတွင်း KNU ထိန်းချုပ်နယ်မြေများတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ဒေသခံများရှိရာနေရာများကို လေယာဉ်နှင်ဗုံးကြဲတိုက်ခိုက်၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုများသည် နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပေါ်လျက်ရှိသည်။
KNU ထိန်းချုပ်နယ်မြေများတွင် ယင်းကဲ့သို့အခြေအနေက ဘယ်လောက်အထိ ဆိုးရွားနေပါလဲ။ ဒေသခံပြည်သူ များက ဘယ်လိုအခက်အခဲအကျပ်အတည်းများ ရင်ဆိုင်နေရပါလဲ။ ရေဘေးဒဏ်နှင့် စစ်မှုထမ်းဥပဒေပြဌာန်းမှု နောက်ဆက်တွဲပြဿနာများကို သိရှိနိုင်ရန် ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရစောနန္ဒဆူးနှင့် ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေခရိုင်အသီးသီးမှာ စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူ တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လိုဆက်ရှိနေလဲ။ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ရမှုတွေ၊ လူသားဒိုင်းအဖြစ် အသုံးချခံရမှုတွေ ဘယ်လိုကြားသိနေရပါလဲ။
ဖြေ။ ။ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းကနေ ဒရုန်းနဲ့တိုက်ခိုက်မှုကတော့ ဆက်လက်ရှိနေဆဲပဲ။ ပိုပြီးတော့ များလာတယ်။ အထူးသဖြင့် တပ်မဟာ (၃)၊ တပ်မဟာ (၅)၊ တပ်မဟာ (၆) လို တိုက်ပွဲဖြစ်နေတဲ့ နေရာဒေသတွေမှာ ဆက်လက်ရှိနေတုန်းပဲ။ တခြားတပ်မဟာတွေမှာလည်း ဒီလိုလုပ်ဆောင်မှုတွေရှိတယ်။
အခြေခံအားဖြင့် စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုကိုဖြစ်စေတဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာ တွေ့ရတာပေါ့။ ဒီလိုလက်နက်ကိုင် တိုက်ပွဲတွေအောက်မှာတော့ လူ့အခွင့်အရေးဖြစ်တဲ့ စစ်ဘေးရှောင်မှု၊ အသက်မွေးဝမ်းကြောင်းပြုမှုနဲ့ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမမီမှုတွေကတော့ ယခင်ကလို ချိုးဖောက်ခံနေရပါတယ်။ လူသားဒိုင်းအဖြစ် အသုံးချခံရမှုကတော့ လတ်တလော ကျွန်တော်တို့ မှတ်တမ်းပြုစုချက်အရ ယခင်ကာလကလို မတွေ့ရသေးဘူးပေါ့နော်။
မေး။ ။ အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒီလို ဗုံးကြဲတိုက်ခိုက်မှု အဆက်မပြတ် လုပ်ဆောင်လာနေတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေကတော့ အာဏာသိမ်းပြီးကတည်းက ဒီနေ့ ဒီအချိန်အထိ ဖြစ်ပေါ်နေတဲ့ အရာတစ်ခုဖြစ်တယ်။ ဒါဟာ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျုးလွန်နေတာ ဖြစ်တယ်။ ဒီလို လုပ်ဆောင်နေတာကို စစ်ကောင်စီအနေနဲ့ ပြည်တွင်းအဆင့်မှာရော၊ နိုင်ငံတကာအဆင့်မှာရော အရေးယူခံရမှုမရှိတာကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသလိုမျိုး ချိုးဖောက်ကျူးလွန်မှုတွေကို ဘာတာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲနဲ့ ဆက်လက်လုပ်ဆောင်နေတာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။
နောက်ထပ်ကတော့ နိုင်ငံတကာ လူသားချင်းစာနာရေးဥပဒေကို ချိုးဖောက်တာပေါ့နော်။ ဒါဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအားလုံး လိုက်နာကျင့်သုံးရမယ့်အရာဖြစ်ပေမယ့် စစ်ကောင်စီကတော့ တမင်တကာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာမျိုး မြင်တွေ့ရပါတယ်။ ဒီလိုမျိုး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေကို ချိုးဖောက်ရာမြောက်တဲ့ အရာမျိုးတွေရှိတယ်။
ဥပမာဆိုရင် မတရားဖမ်းဆီးမှု၊ တရားမဲ့ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ အဓမ္မ အစဖျောက်မှု အစရှိတဲ့ အပြစ်မဲ့ အရပ်သားပြည်သူလူထုကို တိုက်ခိုက်တာပေါ့နော်။ ဒါတွေဟာဆိုရင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ရာ မြောက်တယ်ပေါ့နော်။
မေး။ ။ စစ်ရေးအခြေအနေကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေထဲမှာ စစ်ဘေးရှောင်ဦးရေက ပိုပြီးများပြားလာနေတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေရဲ့ လူသားချင်းစာနာမှုအကူအညီ ကျန်းမာရေး စတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဘယ်လိုကြားသိနေရပါလဲ။
ဖြေ။ ။ စစ်ဘေးရှောင် အနေအထားကတော့ ဒီလက်နက်ကိုင်ပဋိပက္ခ အဆုံးမသတ်နိုင်သရွေ့ရှိနေမယ့် အရာတစ်ခုဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုတွေရှိနေတဲ့ နေရာဒေသမှာ ၂၀၂၁ အာဏာသိမ်းမှုမှ မဟုတ်ဘူး။ ဆယ်စုနှစ်များစွာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဖြစ်တယ်။ ဒီလိုမျိုး စစ်ဘေးရှောင်ဖြစ်တဲ့ အခါတိုင်းမှာ လူသားချင်းစာနာထောက်ထားမှု လိုအပ်နေတဲ့အရာဖြစ်တယ်။ ဒီကနေ့အချိန်အထိ တိုးပွားလာတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ ပြည့်စုံလုံလောက်တဲ့ စစ်ဘေးရှောင်အကူအညီ မရသေးသလိုမျိုး နိုင်ငံတကာ အကူအညီပေးရေး အစုအဖွဲ့တွေကလည်း အခါတိုင်းပြောသလို ဒီထက်ထိရောက်တဲ့ နည်းလမ်းရှာဖို့ နောက်တခါ မြေပြင်မှာရှိတဲ့ ပြည်သူလူထုကို တိုက်ရိုက်အကူအညီပေးနိုင်တဲ့ အစုအဖွဲ့တွေကို တိုက်ရိုက်ကူညီလုပ်ဆောင်ပေးဖို့ ယနေ့အချိန်အထိ ကျွန်တော်တို့တိုက်တွန်းနှိုးဆော်နေရဆဲပါ။
နောက်တခါ အကူအညီပေးနိုင်စွမ်းနဲ့ အကူအညီလိုအပ်နိုင်တဲ့ စစ်ဘေးရှောင်ဦးရေက ကွာဟမှုရှိတယ်။ စစ်ဘေးရှောင်ဦးရေ အဆမတန်တိုးပွားလာမှုက အကူအညီပေးရေးကို အမြဲတမ်းလစ်ဟာစေပါတယ်။ နောက်တခါ စစ်ဘေးရှောင်နေရတဲ့ အနေအထားက အမျိုးမျိုးကွာခြားမှုရှိတယ်။ ပုံမှန် IDP စခန်းမှာ နေတဲ့သူနဲ့ သွားလိုက် ပြန်လိုက် ပြေးနေရတဲ့သူနဲ့ တောထဲတောင်ထဲကို ပြေးနေရတဲ့သူတွေပေါ့။ အဲဒီလိုပုံမှန်မဟုတ်တဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အစုအဖွဲ့တွေမှာလည်း အမြဲတမ်း အချိန်နဲ့တပြေးညီ အကူအညီပေးဖို့ လက်လှမ်းမမီနိုင်ပါဘူး။ နောက်တစ်ခုက စစ်ဘေးရှောင် IDP တွေ ကြုံတွေ့နေရတဲ့အနေအထားက စစ်ဘေး ဒဏ်သင့်မှု တစ်ခုတည်းမဟုတ်ဘဲ သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့နေရပါတယ်။
အထူးသဖြင့် ဒီလိုမိုးကြီး၊ လေကြီးကာလမှာ သဘာဝဘေးအန္တရယ်အပြင် ရာသီဥတုကြောင့် နောက်ဆက်တွဲ ကြုံတွေ့ရတဲ့ရောဂါတွေ ကြုံတွေ့နေရတဲ့အရာဖြစ်တယ်။ အထူးသဖြင့် ငှက်ဖျား၊ တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောလိုမျိုး အဖြစ်လွယ်တဲ့ရောဂါတွေပေါ့။ စစ်ဘေးဒဏ်သင့်မှုအပြင် ရောဂါဘယတွေ ခံစားနေရတဲ့ IDP တွေရဲ့ အခြေအနေဖြစ်ပါတယ်။
မေး။ ။ အခု KNU နယ်မြေထဲမှာ စစ်တောင်းမြစ်၊ သောင်ရင်းမြစ်၊ သံလွင်မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်။ ဒီလို သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေ လက်ရှိမှာ ဘယ်လိုအခက်ကြုံနေခဲ့ရပါလဲ။
ဖြေ။ ။ ဒီလို လက်နက်ကိုင်ပဋိပက္ခ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ အချိန်ကာလမှာ စစ်ဘေး၊ ပဋိပက္ခဘေးကို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့အပေါ်မှာ ထပ်ပြီးတော့ ခုနကပြောတဲ့ သဘာဝဘေးအန္တရာယ်ကို ပြည်သူလူထု ဆိုးဆိုးဝါးဝါး ခံစားနေရပါတယ်။ စစ်ဘေးနဲ့ ရေကြီးမှု၊ ရေလွှမ်းမိုးမှုတွေက ပြည်သူလူထုရဲ့ရှင်သန်ရပ်တည်ရေးကို ထိခိုက်စေပါတယ်။
စစ်ဘေးရှောင်နေတဲ့ ပြည်သူလူထုမှ မဟုတ်ဘဲ စစ်ဘေးမရှောင်တဲ့ ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကြောင်း ကိုလည်း ဆိုးကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စပါးစိုက်ပျိုးတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုလုပ်နေရတဲ့ ပြည်သူလူထုကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်။ သွားလာရေးတွေ ပျက်စီးဆုံးရှုံးသလို နေအိမ်ပျက်စီးဆုံးရှုံးတာမျိုး အိမ်မွေးတိရိစ္ဆာန် သေကြေပျက်စီးမှုတွေကို ရေကြီးတာကြောင့် ပျက်စီးဆုံးရှုံးနေရတဲ့ အခြေအနေတခုလို့ ပြောရတာပေါ့နော်။
မေး။ ။ သဘာဝဘေးဒဏ်သင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့အတွက်က ဘယ်လိုအချက်တွေ ပြုလုပ်သင့်တယ်လို့ မြင်ပါလဲ။ KHRG အနေနဲ့ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားတိုက်တွန်းချင်ပါလဲ။
ဖြေ။ ။ သဘာဝဘေးဒဏ်သင့်နေတဲ့ ပြည်သူလူထုကို ကြိုးစားကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက အများကြီး ရှိပါတယ်။ ပြည်တွင်းမှာသော်လည်းကောင်း၊ ပြည်ပမှာသော်လည်းကောင်း သူတို့ရဲ့ အထောက်အကူပေးမှုကို ကျွန်တော်တို့လေးစားရပါတယ်။ ဒီလိုအခြေအနေမျိုးမှာကတော့ ပြည်တွင်းအဆင့်၊ နိုင်ငံတကာအဆင့် အစုအဖွဲ့ တွေနဲ့ မြေပြင်မှာ အင်တိုက်အားတိုက် အချိတ်အဆက်မိမိနဲ့ လုပ်ဆောင်ဖို့လိုတယ်။ အထူးသဖြင့် ငွေကြေး ထောက်ပံ့မှုပြုလုပ်နေတဲ့ နိုင်ငံတကာအစုအဖွဲ့ဝင်တွေပေါ့။ မြေပြင်မှာ လူထုအကျိုးပြုလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှု လုံးဝကောင်းဖို့လိုတယ်။
တချိန်တည်းမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ မြေပြင်မှာလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပြည့်စုံစွာ လုံလောက်စွာ ကူညီထောက်ပံ့ပေးဖို့ လိုပါတယ်။ ဒါမှသာ အကူအညီလိုအပ်နေတဲ့ အရပ်သားပြည်သူတွေဆီ အကူအညီရောက်မှာပါ။ နိုင်ငံတကာ အစုအဖွဲ့တွေအနေနဲ့ စစ်ကောင်စီဆီပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ တောက်လျှောက်ပြောလာတဲ့ စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အကျပ်အတည်းကို ဖြစ်စေတဲ့ တရားခံဖြစ်တာမို့ သူတို့ဆီကတဆင့် ပေးမယ်ဆိုရင် အရပ်သားပြည်သူလူထုတွေဟာ ဒီအကူအညီတွေ ရောက်ရှိမှာမဟုတ်ပဲ အကူအညီတွေကို လက်နက်သဖွယ် အကျပ်အတည်းအနေနဲ့ စစ်ကောင်စီက အသုံးချသွားမှာ ဖြစ်တယ်ပေါ့နော်။
မေး။ ။ စစ်မှုထမ်းဥပဒေအကျိုးဆက်ကြောင့် ပြည်တွင်းမှာရှိတဲ့ လူငယ်တွေရဲ့အနေအထား ဘယ်လိုတွေ့နေရလဲ။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဘယ်လိုကြားသိနေရလဲ။ ပြည်သူ့လုံခြုံရေးဆိုပြီး သက်ကြီးပိုင်းတွေကိုလည်း ခေါ်ဆောင်နေပါတယ်။ ဒီလုပ်ရပ်တွေနဲ့ပတ်သက်ပြီး နောက်ဆက်တွဲဘယ်လိုဖြစ်လာနိုင်ခြေရှိပါလဲ။
ဖြေ။ ။ ဒီစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထူးသဖြင့် လူငယ်၊ လူရွယ်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်တာပေါ့။ လူငယ်၊လူရွယ်တွေသာမက သူတို့ရဲ့ စစ်မှုထမ်းဥပဒေမှာ ဖော်ပြထားတဲ့ အသက်အရွယ်ပိုင်းခြားသာမက နောက်ဆုံးသက်ကြီးရွယ်အိုတွေပါ အသုံးချဖို့ဖြစ်လာတယ်။
အထူးသဖြင့် စစ်မှုထမ်းဥပဒေအောက်မှာ အဖမ်းအဆီးခံနေရတဲ့ အရပ်သားတွေအနေနဲ့ သူတို့ရဲ့အသက်အန္တရာယ်ကို ကြီးကြီးမားမားခြိမ်းခြောက်တဲ့ ကနဦးအခြေအနေတရပ်ဖြစ်တယ်။ ဒါကြောင့် စစ်မှုထမ်းဥပဒေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဟာဆိုရင် အရပ်သားပြည်သူလူထုရဲ့ ရှင်သန် ရပ်တည်ရေးကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်နေသလို သူတို့ရဲ့လွတ်လပ်စွာသွားလာခွင့် အသက်မွေး၀မ်းကြောင်း လုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေကြောင်း မြင်တွေ့ရတယ်ပေါ့နော်။
သံလွင်တိုင်းမ် ပေးပို့သည်။