လှိုင်းဘွဲမြို့တွင် စစ်မှုထမ်းသင်တန်းဆင်းများ အင်အားဖြည့်တင်း၊ သန်းခေါင်စာရင်းကောက်ယူလုပ်ကိုင်ရန် ပြင်ဆင်နေ

By MPM 25 စက်တင်ဘာ, 2024 👁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း (၃) ရင်းတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၁၀၀ ကျော်ဖြင့် အင်အားဖြည့်တင်းနေပြီး သန်းခေါင်စာရင်းကောက်ယူရေးသင်တန်းများ စတင်ပေးနေပြီဖြစ်ကြောင်း မြို့ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီ ခြေလျှင်တပ်ရင်း ခလရ – ၂၈, ၃၃၈, ၃၃၉ တို့တွင် စစ်သင်တန်း ၃ လတာ သင်တန်းဆင်းလာသော တပ်သားသစ်များအား တပ်ရင်း (၁) ရင်းကို တစ်သုတ် (တစ်ဖွဲ့) လျှင် လူဦးရေ (၇၀) နှင့် နှစ်သုတ်စာအရေအတွက် ၁၄၀ ဦးရေကို ပြီးခဲ့သည့် လပိုင်းမှစ၍ စစ်ကောင်စီက အင်အားဖြည့်တင်းနေခြင်း ဖြစ်သည်။

လတ်တလောအချိန်ထိ တပ်ရင်း (၃) ရင်းပေါင်း စုစုပေါင်းတပ်သားသစ် ၄၀၀ ကျော်အား စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြချက်ဖြင့် အင်အားဖြည့်တင်းထားပြီးဖြစ်သည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။

“နှစ်ခေါက်ရှိပြီ တပ်ရင်းတစ်ရင်းကို အယောက် ၇၀ လူလာဖြည့်တယ်။ အကုန် စစ်မှုထမ်းသင်တန်းဆင်းလာတဲ့ လူတွေချည်းပဲ။ သူတို့ပြောတာတော့ စစ်တိုက်စရာ မလိုဘူး၊ မဖြစ်မနေ ၂ နှစ် ပြည့်အောင်တော့ နေရမယ်။ သူတို့တပ်ရင်း လုံခြုံရေးအတွက်လို့ ပြောတာပဲ” ဟု အဆိုပါမြို့ခံက ပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီက မဖြစ်မနေ ရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စနှင့် ပတ်သက်၍ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများအား လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် လုပ်ဆောင်သွားမည်ဟု အသိပေးကြေညာထားသလို လှိုင်းဘွဲမြို့တွင်လည်း ရာအိမ်မှူးများ၊ ဆရာ/ဆရာမများကို သင်တန်းစတင်ပေးနေပြီဖြစ်သည်ဟု လှိုင်းဘွဲမြို့ခံများက ဆိုသည်။

လှိုင်းဘွဲမြို့ခံအမျိုးသမီးတစ်ဦးက “လှိုင်းဘွဲမှာ တရပ်ကွက်ကို ၄ ယောက် မဲကိစ္စအတွက်ဆိုပြီး (၃၃၉) တပ်ရင်း ထဲမှာပဲ သင်တန်းခေါ်ပေးနေတယ်။ သူ့ (စစ်ကောင်စီခန့်) ရာအိမ်မှူးတွေပဲ ခေါ်ပေးတာ။ သူတို့ပြောတာ မဲရွေးဖို့ လုံခြုံရေးအတွက် သင်တန်းပေးတယ် ပြောတာပဲ။ ရွာတွေတော့ မပါသေးဘူး၊ တနင်္လာနေ့က စပေးတယ်။ ကျောင်းဆရာ/ဆရာမ တွေလည်း သန်းခေါင်စာရင်းကောက်ဖို့ သင်တန်းတက်နေကြပြီ” ဟု ပြောသည်။

ယခုစက်တင်ဘာလဆန်းပိုင်းက စစ်ကောင်စီက တပ်ဖွဲ့ဝင်အင်အား ၂၀၀ ဝန်းကျင်ဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း စီတန်းလှည့်လည်ခဲ့ရာ အနီးတဝိုက်နေထိုင်သူ ဒေသခံများမှာ ထိုသို့တပ်အင်အားပြခြင်းကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ရသေးကြောင်း လှိုင်းဘွဲမြို့ခံတချို့က ပြောပါသည်။

လှိုင်းဘွဲမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး – KNU ၏ နယ်မြေသတ်မှတ်ချက်အရ KNU တပ်မဟာ (၇)၊ ဖားအံခရိုင် ထိန်းချုပ်နယ်မြေအတွင်းရှိသော်လည်း စစ်ကောင်စီအပါအဝင် နယ်ခြားစောင့်တပ်-BGF တို့ လှုပ်ရှားရာနယ်မြေလည်း ဖြစ်သည်။

ယခုလို စစ်ကောင်စီဘက်က နိုင်ငံတကာအသိအမှတ်ပြုမှုရရေး ပထမခြေလှမ်းဖြစ်သည့် ရွေးကောက်ပွဲကျင်းပရန် ပြည်နယ်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများအား လှိုင်းဘွဲမြို့အတွင်း စတင်လုပ်ဆောင်လာသည်နှင့် ပတ်သက်၍ BGF နှင့် KNU တပ်မဟာ (၇) ဘက်က တုံ့ပြန်ဆောင်ရွက်ချက် တစုံတရာ မရှိသေးပေ။

အလားတူ စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွက် လူဦးရေနှင့်အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း) ကောက်ယူရေးနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်း၊ သင်တန်းများအား တိုင်းနှင့်ပြည်နယ်အနှံ့အပြားတွင် ဟောပြော ပို့ချ၊ သင်တန်းပေးနေသလို တိုင်းရင်းသားဒေသများတွင် စာရင်းကောက်ယူလွယ်ကူရေး တိုင်းရင်းသားဘာသာစကား သင်ကြားရေး ဆရာ/ဆရာမများပါ ခေါ်ယူလျက် ရှိနေသည်။

KIC ပေးပို့သည်။