စစ်ကောင်စီ၏ ရန်နိုင်မင်းစစ်ဆင်ရေး စတင်နေပြီဟု KIO ပြောဆို

By MPM 23 စက်တင်ဘာ, 2024 👁

စစ်ကောင်စီတပ်က ၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများအား ပြန်သိမ်းပိုက်မည့် ရန်နိုင်မင်းစစ်ဆင်ရေးကို တစ်ပြည်နယ်လုံးအတိုင်းတာနှင့် စက်တင်ဘာလဆန်းကစ၍ စတင်နေပြီဖြစ်တာကြောင့် ပြည်သူများအနေနှင့် စစ်ရေးသတိဖြင့် အထူးသတိထားကြရန်လိုကြောင်း KIO က ပြောဆိုသည်။

KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက “စစ်တပ်က ဖြတ်လေးဖြတ်ကို ကျင့်သုံးတာဖြစ်တဲ့အတွက် ပြည်သူတွေဘက်ကို ပစ်မှတ်ထားလာမှာဖြစ်တယ်။ ပိုပြီးတော့ ကျနော်တို့ ဒေသခံတိုင်းရင်းသားတွေရှိတဲ့နေရာတွေ ပစ်မှတ်ထားလာနိုင်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိကို သတိလက်လွတ်နေလို့မရဘူး၊ အထူးသတိထားကြဖို့လိုတယ်ဆိုတဲ့အကြောင်း သိစေချင်တယ်” ဟု ပြောသည်။

ရန်နိုင်မင်းစစ်ဆင်ရေးက နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်သလို စစ်ဆင်ရေးအတွင်း ခေတ်အဆက်ဆက် အသုံးပြုလာသည့် ဖြတ်လေးဖြတ် စစ်ရေးဗျူဟာကို ကျင့်သုံးနေတာကြောင့် အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်လာနိုင်သည့်အတွက် ကချင်ပြည်နယ်အတွင်း နေထိုင်သည့်ပြည်သူများ စစ်ရေးအထူးသတိရန် KIO က သတိပေးပြောဆိုသည်။

ဖြတ်လေးဖြတ်ဗျူဟာသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုရှိသည်ဟုယူဆရသော အရပ်သားများအပေါ် ပြင်းထန်သည့်ပြစ်ဒဏ်ပေးသည့် စစ်ဗျူဟာတစ်ခုဖြစ်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ၁၉၆ဝ ကျော်က ကွန်မြူနစ်နှင့် ကရင်လက်နက်ကိုင်များကို ချေမှုန်းရာတွင် အသုံးပြုခဲ့ကြောင်း သိရသည်။

ဖြတ်လေးဖြတ်ကျင့်သုံးပြီး စစ်ကောင်စီတပ်က ၎င်းတို့ဆုံးရှုံးထားသည့်နေရာ၊ နယ်မြေများကို ပြန်သိမ်းပိုက်ရန် ရန်နိုင်မင်း စစ်ဆင်ရေး စတင်လာသည့်အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့တို့တွင် တိုက်ပွဲမရှိပေမယ့် လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေသည်ဟု ဆိုသည်။

ယင်းအပြင် တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမော်၊ ဖားကန့်၊ မိုးမောက်၊ ပန်ဝါနှင့် ကချင်နှင့် စစ်ကိုင်းတိုင်းအစပ် ပင်လည်ဘူး၊ ထီးချိုင့်၊ အင်းတော်မြို့တို့တွင်လည်း စစ်ကောင်စီတပ်က ယခင်ထက်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကို ၄ ဆနီးပါး တိုးမြင့်တိုက်ခိုက်နေကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောသည်။

KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက “မသိရင် ပင်လည်ဘူးက လေယာဉ်ကွင်းလို့ ထင်ရတယ်။ နေ့တိုင်း လေယာဉ်တွေနဲ့ စည်ကားလို့ တခါလာရင် အလုံး ၂၀ မနည်း ပစ်တာ။ နေ့တိုင်း တစ်ရက်ကို ၂ ခါ အနည်းဆုံးလာတယ်။ လေကြောင်းက ခါတိုင်းထက် ပိုသုံးလာတာတွေ့တယ်” ဟု ပြောဆိုသည်။

မတ်လ ၇ ရက်နေ့က စတင်လာခဲ့သည့် KIA နှင့် ပူးပေါင်းတပ်တို့၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ မြို့ ၉ မြို့ရှိ ဗျူဟာကုန်းများအပါအဝင် စခန်းပေါင်း ၂၀၀ ကျော်ကို KIA ကသိမ်းပိုက်ထားသည့်အပြင် ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့နှင့် ၇ မိုင်အကွာတွင်ရှိသည့် ခမရ ၄၃၇ တပ်ရင်းကိုလည်း သိမ်းပိုက်ထားပြီဖြစ်သည်။

KIA နှင့် ပူးပေါင်းတပ်တို့ သိမ်းပိုက်ထားသည့် ခမရ ၄၃၇ တပ်ရင်းကို စစ်ကောင်စီက ပြန်ရယူရန် အပြင်းအထန် ကြိုးစားနေတာကြောင့် စစ်ရေးပြင်းထန်နေသည်ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“သူတို့ဘက်က လေယာဉ်နဲ့ပစ်တယ်။ ဒရုန်းနဲ့ ပစ်တယ်။ ခြေလျင်နဲ့လည်း တက်လာတာတွေရှိတော့ မိုးမောက်နဲ့ ဗန်းမော်ကြားမှာကတော့ အချိန်တိုင်း စစ်ရေးပြင်းထန်နေတာပေါ့။ နေ့တိုင်းကို အပြန်အလှန်ပစ်ခတ်နေကြတယ်။ ခြေလျင်နဲ့ မတက်လာရင်တောင် လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အမြဲပစ်နေတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ယင်းအပြင် စစ်ကောင်စီဘက်က ရေကြောင်းကနေလည်း စစ်လက်နက်ရိက္ခာများကို သင်္ဘောကနေ ပို့ဆောင်လာပေမယ့် ရေကြောင်းတလျှောက် ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဘက်က အထိနာပြီး စစ်သင်္ဘောတချို့ မီးလောင်ပျက်စီးသည့်အပြင် KIA ပူးပေါင်းတပ်ဘက်က စစ်သင်္ဘောတချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

အလားတူ ဖားကန့်မြို့ ဆိုင်းတောင်ရွာတွင် တပတ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ၁၄ ကြိမ်အထိရှိလာပြီဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ ဆိုင်းတောင်ရဲစခန်း လက်လွတ်ခဲ့ရသည့်နေ့ကစတင်၍ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းတို့တွင် ဖုန်း၊ အင်တာနက်၊ ဝိုင်ဖိုင်လိုင်းအားလုံး ဖြတ်တောက်ခံထားရသည်မှာ နှစ်လဝန်းကျင်ရှိလာပြီဖြစ်ပြီး ဒေသခံပြည်သူများသည် သတင်းအချက်အလက်ရရှိရန် ခက်ခဲနေကြသည်။

ထိုအခြေအနေကြောင့် ပြည်သူများအနေနှင့် အချင်းချင်းကူညီရိုင်းပင်းပြီး သတင်းပေးကြရန်နှင့် စစ်ရေးသတိရှိကြရန် KIO/KIA ဘက်က မကြာခဏဆိုသလို အသိပေးနေခြင်းဖြစ်သည်။

KNG ပေးပို့သည်။