ရခိုင်ပြည်မြို့တော် စစ်တွေမြို့ရှိ ရခိုင်အမျိုးသားပါတီ (ANP) ပါတီဗဟိုရုံးချုပ်ကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက ဖြိုဖျက်ခြင်းမှာ မဟုတ်မှန်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောဆိုသည်။
ANP ပါတီ ရုံးချုပ်ကို စက်တင်ဘာ ၂၁ ရက်၊ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး လာရောက်ဖြိုဖျက်ခဲ့သည်ဟု လူမှုကွန်ရက်မီဒီယာများတွင် သတင်းများထွက်ပေါ်လာခြင်း ဖြစ်သည်။
ဦးခိုင်ပြည်စိုးက “ဒီကိစ္စနဲ့ပတ်သက်လို့ မနေ့ကညနေကပဲ ကျွန်တော်တို့သတင်းရတယ်။ သတင်းရရချင်း ညပိုင်းဆိုတော့ ကျွန်တော်တို့လည်း သွားကြည့်ဖို့ အဆင်မပြေဘူး။ ဆိုတော့ မနက်ပိုင်းမှာ စစ်တွေမှာရှိတဲ့ ကျွန်တော်တို့ပါတီ တာဝန်ရှိတဲ့သူတွေကို သွားပြီးကြည့်ခိုင်းတဲ့အခါ မဟုတ်ဘူးလို့ ကျွန်တော်တို့ကို အတည်ပြုပါတယ်ခင်ဗျ” ဟု ပြောသည်။
စစ်တွေမြို့၊ ရွှေပြားရပ်ကွက်ရှိ ANP ပါတီ ရုံးချုပ်ရှိရာ လမ်းအနီးသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၃၀ ခန့်က စက်တင်ဘာ ၂၁ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် ကင်းလှည့်မှုသာရှိခဲ့ပြီး ANP ပါတီရုံးကို ဝင်ရောက်ခြင်း၊ ဖျက်ဆီးခြင်းများ တစုံတရာမရှိခဲ့ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။
လက်ရှိတွင်လည်း ANP ပါတီ ရုံးချုပ်တွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ လူမနေတော့ဟုလည်း ဦးခိုင်ပြည်စိုးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ANP ပါတီသည် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သည်။
သို့သော် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၇) နှင့် ငြိစွန်းသည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ANP ကို ဇူလိုင် (၁) ရက်တွင် မှတ်ပုံတင်ခွင့် ပိတ်ပင်ငြင်းဆိုခဲ့သည်။
ANP အနေဖြင့် ပါတီတည်ထောင်ခွင့် တင်ပြထားသည့်ပုဂ္ဂိုလ်များသည် ဥပဒေနှင့်အညီ ဥပဒေဘောင်ထဲတွင် နေထိုင်ကြသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ပုဒ်မ ၇ ပါ ဥပဒေနှင့် ငြိစွမ်းစရာအကြောင်းမရှိဟု ပါတီခေါင်းဆောင်များက တုံ့ပြန်ပြောဆိုထားသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၇ တွင် တည်ဆဲဥပဒေ တရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေသာအဖွဲ့အစည်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သေ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းများကို မှတ်ပုံတင်လျှောက်ထားခွင့်မရှိစေရဟု ပြဋ္ဌာန်းထားသည်။
နိရဉ္စရာ ပေးပို့သည်။