27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ဒီကနေ့အချိန်ထိ စစ်တပ်ရဲ့အသုံးပြုမှုတွေ၊ လေကြောင်းပျံသန်းမှုနဲ့ လေကြောင်းကနေတိုက်ခိုက်မှုတွေကို ကြည့်ခြင်းအားဖြင့် ဒီလူထုရဲ့တောင်းဆိုချက်က လက်တွေ့မှာတော့ ထိရောက်မှုမရှိနိုင်သေးဘူးလို့ သုံးသပ်လို့ရပါတယ်” ကိုမိုးထက်နေ - နိုင်ငံရေးနှင့်သုတေသနအကြံပေး/...

“ဒီကနေ့အချိန်ထိ စစ်တပ်ရဲ့အသုံးပြုမှုတွေ၊ လေကြောင်းပျံသန်းမှုနဲ့ လေကြောင်းကနေတိုက်ခိုက်မှုတွေကို ကြည့်ခြင်းအားဖြင့် ဒီလူထုရဲ့တောင်းဆိုချက်က လက်တွေ့မှာတော့ ထိရောက်မှုမရှိနိုင်သေးဘူးလို့ သုံးသပ်လို့ရပါတယ်” ကိုမိုးထက်နေ – နိုင်ငံရေးနှင့်သုတေသနအကြံပေး/ ဉာဏ်လင်းသစ်သုတေသနအဖွဲ့

စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်မှုများအပါအဝင် လှုပ်ရှားများကို အဓိကစောင့်ကြည့်လေ့လာနေသည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ နိုင်ငံရေးနှင့်သုတေသနအကြံပေး ကိုမိုးထက်နေနှင့် ဆက်သွယ်မေးမြန်းချက်။

နိုင်ငံတစ်ဝန်း နယ်မြေအများအပြားလက်လွှတ်ဆုံးရှုံးထားရသော စစ်ကောင်စီသည် မြေပြင်တိုက်ခိုက်မှုစွမ်းရည် ကျဆင်းလာ၍ လေကြောင်းကိုသာ အဓိကအသုံးပြုတိုက်ခိုက်နေသည်။ စစ်ပွဲဆိုင်ရာဥပဒေများကို မစောင့်ထိန်းဘဲ ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူများမှာ မြေစာပင်ဖြစ်နေကြရသည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်မှုများအပါအဝင် လက်နက်ကိုင်ပဋိပက္ခများ၊ တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့၏ လှုပ်ရှားများကို အဓိကစောင့်ကြည့်လေ့လာနေသည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ နိုင်ငံရေးနှင့် သုတေသနအကြံပေးတစ်ဦးဖြစ်သူ ကိုမိုးထက်နေကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ နိုင်ငံတဝန်းမှာ စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေကို ဘယ်လိုမျိုးကျူးလွန်နေလဲ။

ဖြေ။ ။ စစ်တပ်အနေနဲ့ကတော့ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက အရပ်သားလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့စစ်ရာဇဝတ်မှုတွေကို အများကြီးကျူးလွန်ခဲ့တယ်။ ကျူးလွန်တဲ့နေရာမှာ စစ်ကြောင်းထိုးပြီးတော့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူ့ပိုင်ဆိုင်မှုပစ္စည်းတွေကို လုယက်တာ၊ ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်တာ၊ နောက်တခါ လူသားဒိုင်းကာအဖြစ် အသုံးချတာမျိုးတွေ လုပ်ခဲ့တယ်။

နောက်ပြီးတော့ လက်နက်ကြီးနဲ့ အရပ်သားတွေရှိတဲ့နေရာ၊ စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာမျိုးတွေ။ ပြီးတော့ လေကြောင်းကနေ ဒရုန်း၊ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တာမျိုးတွေ အများကြီးလုပ်ခဲ့တယ်။ အဲဒီထဲမှာတော့ လေကြောင်းက တိုက်ခိုက်တာမျိုးတွေက ပိုပြီးတော့ အရပ်သားလူထုကို ထိခိုက်စေတယ်လို့ မြင်တွေ့ရပါတယ်။

မေး။ ။ စစ်ကောင်စီက ပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ လေကြောင်းရန်က ပြည်သူတွေကို တိမ်းရှောင်ဖို့ခက်ခဲစေသလို၊ လက်နက်ကိုင်တပ်ဖွဲ့တွေမှာလည်း လေကြောင်းရန်ကို ပြန်လည်အန်တုနိုင်တဲ့ လက်နက်ပစ္စည်းတွေ၊ နည်းပညာတွေက လုံလောက်မှုမရှိဘူး။ မရှိတဲ့အတွက် လူထုက ပိုပြီးတော့ အထိနာတယ်။ နောက်တစ်ခုက ပိုပြီးတော့ သေဆုံးတဲ့နှုန်း၊ ပိုင်ဆိုင်မှုပစ္စည်းတွေ ပျက်စီးစေတဲ့နှုန်း ပိုပြီးတော့များတယ်။

ဘာကြောင့် လေကြောင်းတိုက်ခိုက်သလဲလို့ ကျနော်တို့ကြည့်ရရင် လူထုကို ဦးတည်တိုက်ခိုက်ချင်တဲ့စိတ်၊ ဒီတော်လှန်ရေးသားတွေကိုကူညီလို့ တော်လှန်ရေးဘက်ကနေရပ်တည်လို့ လက်စားချေလိုတဲ့စိတ်ရယ်၊ နောက်တခုက လူထုကြားထဲမှာ အကြောက်တရားဖြစ်လာအောင် ဖန်တီးပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်နေတယ်လို့ နားလည်လို့ရပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဘယ်လောက်ထိ ဆိုးရွားလာပါလဲ။

ဖြေ။ ။ ၂၀၂၁ ဖေဖော်ဝါရီလကနေပြီးတော့ ၂၀၂၄ ဖေဖော်ဝါရီ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း အနည်းဆုံး ၃,၆၀၀ လောက် လုပ်ထားတယ်လို့ တွေ့ရှိရပါတယ်။ လေကြောင်းတိုက်ခိုက်တဲ့နေရာမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ လေကြောင်းတိုက်ခိုက်မှု များလာတာကို ကျနော်တို့တွေ့ရတယ်။

ဒါ့အပြင် မြောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ ပေါက်ကွဲအားပြင်း ဗုံးတွေ၊ ဒုံးကျည်တွေကို ပိုပြီးတော့ သုံးစွဲလာတာကိုလည်း တွေ့ရတယ်။ အဲဒီအတွက် ကျနော်တို့ပြည်သူတွေ သေကြေပျက်စီးတာ၊ ဒဏ်ရာရတာ၊ နောက်တခုက ကျေးရွာစိုက်ခင်းတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေ သေကြေမှုနှုန်းက ပိုပြီးတော့ ဆိုးဆိုးဝါးဝါးဖြစ်လာတယ်။

မေး။ ။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘယ်သူတွေက ပိုပြီးထိခိုက်ခံစားနေကြရလဲ။

ဖြေ။ ။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်တဲ့အထဲမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပြင် သက်ကြီးရွယ်အိုတွေ မသန်စွမ်းသူတွေလည်း ပါဝင်တာတွေ့ရပါတယ်။ တချို့နေရာတွေမှာ လေကြောင်း တိုက်ခိုက်မှု သီးခြားရှိသလို တချို့နေရာတွေမှာတော့ လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေပစ်တာ၊ စစ်ကြောင်းထိုး ဝင်ရောက်တာမျိုးတွေကို တပြိုင်နက်တည်း လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။

စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ကိစ္စတွေက အမျိုးသမီးတွေ၊ ကလေးငယ်တွေအတွက်တော့ အင်မတန်ကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေနေရတာမျိုး တွေ့ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှု သက်သက်ထက် စစ်ကြောင်းထိုးဝင်ရောက်တာတော့ လက်နက်ကြီးနဲ့ပစ်တာအပြင် အခုနောက်ပိုင်းမှာဆိုရင် ဒရုန်းတွေအသုံးပြုပြီးတော့ ဗုံးကြဲတာတွေကို လုပ်လာတဲ့အတွက် ရှောင်တိမ်းဖို့ခက်ခဲတာမျိုးတွေ၊ နောက် ရုတ်တရက် ပြေးလွှားနိုင်ခြင်းမရှိနိုင်တာတွေကြောင့်မို့ ထိခိုက်ဒဏ်ရာရ သေဆုံးတာမျိုးတွေလည်း ရှိပါတယ်။

မေး။ ။ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ အရေးယူမှုအပိုင်းကိုရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ လူထုအနေနဲ့ကတော့ နွေဦးတော်လှန်ရေး အစပိုင်းကတည်းက နိုင်ငံတကာမိသားစုရဲ့ အကူအညီ၊ အကာကွယ်တွေရရှိနိုင်ဖို့ မျှော်လင့်ချက်တွေ ထားရှိခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် R2P ဆောင်ရွက်ပေးဖို့၊ လေကြောင်း မပျံသန်းရလို့ သတ်မှတ်ပေးဖို့ဆိုတာမျိုးတွေကို အားကိုးတကြီး တောင်းဆိုနေကြတာဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်း နိုင်ငံတကာလူထုအနေနဲ့ မျှော်လင့်သလောက် လိုက်လျောနိုင်မှုမရှိတဲ့အခါမှာလည်း “ငါတို့မှာ ငါတို့ပဲရှိတယ်” ဆိုတဲ့စိတ်နဲ့ ကြွေးကြော်သံနဲ့အညီ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တာမျိုးတွေ၊ အချင်းချင်း အကူအညီပေးကြတာမျိုးတွေ စတဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လက်ပြီး လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။

ဒီအချိန်မှာတော့ စစ်တပ်ကို နိုင်ငံရေးအရ၊ စီးပွားရေးအရ အသိအမှတ်မပြုဖို့ စက်လက်နက်ပစ္စည်း ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းတွေအပါအဝင် လေယာဉ်ဆီတွေမရောင်းကြဖို့ နိုင်ငံတကာကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့အချိန်ထိ စစ်တပ်ရဲ့အသုံးပြုမှုတွေ၊ လေကြောင်းပျံသန်းမှုနဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ကြည့်ခြင်းအားဖြင့် ဒီလူထုရဲ့တောင်းဆိုချက်က လက်တွေ့မှာတော့ ထိရောက်မှု မရှိနိုင်သေးဘူးလို့ သုံးသပ်လို့ရပါတယ်။

မေး။ ။ ထိရောက်မှုမရှိတာက ဘယ်အချက်တွေကြောင့်လို့ ပြောနိုင်မလဲ။ ဘာတွေ ဆက်လုပ်သင့်ပါလဲ။

ဖြေ။ ။ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုကနေ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကို အနိမ့်ဆုံးတောင်းဆိုတဲ့ စစ်တပ်ကို လေယာဉ်ဆီမရောင်းချဖို့အတွက် တောင်းဆိုတာက လက်တွေ့ ဘာကြောင့်မထိရောက်တာလဲ စဉ်းစားကြည့်မယ်ဆိုရင်တော့ ကျနော်တို့က ဒီနိုင်ငံတကာဆက်ဆံရေး နယ်ပယ်မှာ နိုင်ငံအသီးသီးက သက်ဆိုင်ရာအကျိုးစီးပွားအထိုင်ကနေ စဉ်းစားပြုမူ တုန့်ပြန်ကြတဲ့အချက်ကို မေ့ထားလို့ မရပါဘူး။ နောက်တချက်ကတော့ လူသားမျိုးနွယ်အပေါ်မှာထားရှိတဲ့ ကျင့်ဝတ်တွေ၊ စံနှုန်းတွေနဲ့ ဒီနိုင်ငံတိုင်းကို တိုင်းတာရမှာ ဖြစ်ပါတယ်။

ကျင့်ဝတ်စံနှုန်း အားကောင်းတဲ့နေရာတွေမှာ စစ်တပ်ကို လေယာဉ်ဆီရောင်းချတာတွေ၊ လက်နက်ရောင်းချ တာတွေ လုပ်မှာမဟုတ်ပေမယ့် တပြိုင်နက်ထဲမှာပဲ ကျင့်ဝတ်စံနှုန်းချို့တဲ့တဲ့ နိုင်ငံတွေကတော့ စစ်တပ်ကို လေယာဉ်ဆီတွေ၊ လက်နက်တွေရောင်းချခြင်းအားဖြင့် စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်လိုတာမျိုး ဆက်ပြီးတော့ဖြစ်နေမှာပါ။ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားအောင် ဒီထက်ပိုပြီး ကျယ်ကျယ်အော်၊ ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြော၊ နောက်တခါ ဒီစစ်တပ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဒီနိုင်ငံတကာမှာ ပိုပြီးတော့သိအောင် လုပ်‌ဆောင်ရမယ်။ ဒီလိုမျိုးတွေပဲ ကျနော်တို့တတ်နိုင်လိမ့်မယ်လို့ထင်တယ်။

မေး။ ။ မကြာသေးမီကပဲ စစ်ကောင်စီဟာတရုတ်ဆီက ဒရုန်းနဲ့လေကြောင်းသုံး စစ်လက်နက်ပစ္စည်း နည်းပညာအကူအညီတောင်းတာတွေ့ရတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ စစ်ရှုံးစစ်တပ်အနေနဲ့တော့ နိုင်ငံရေးအရ၊ စစ်ရေးအရ သူ့ကိုယ်သူအဖက်ဆယ်ဖို့အတွက် တောက်လျှောက် ကြိုးစားနေတာဖြစ်ပါတယ်။ အဲဒီနေရာမှာ အိမ်နီးချင်းတရုတ်သာမက အာဆီယံအသိုင်းအဝိုင်း တွေဖြစ်တဲ့ မြောက်ကိုးရီးယား၊ ရုရှား၊ အီရန်၊ အိန္ဒိယနိုင်ငံဆီကနေ စစ်ရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ အကူအညီတွေရအောင် တောက်လျှောက်ကြိုးစားနေတာ တွေ့ရတယ်။ ဒါကတော့ ကျနော့်အနေနဲ့ ထူးထူးခြားခြား မှတ်ချက်ပေးစရာမရှိပါဘူး။ ခုနကပြောသလိုပဲ နိုင်ငံတစ်ခုဆီမှာ ဒီလူသားမျိုးနွယ်အပေါ်မှာ ကျင့်ဝတ်စံနှုန်းတွေကိုလည်း ကျနော်တို့စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီတရုတ်တို့ ရုရှားတို့ဟာ ကျနော်နိုင်ငံရဲ့ စစ်အာဏာရှင်အဆက်ဆက်နဲ့ နီးနီးကပ်ကပ်တလျှောက်လုံးမှာ ဆက်ဆံခဲ့တာပါပဲ။ စစ်အာဏာရှင်အဆက်ဆက်ကို နိုင်ငံရေးအရ ကျောထောက်နောက်ခံပြုခဲ့သလိုပဲ စက်လက်နက်တွေ ရောင်းချပေးတာမျိုးတွေ၊ လက်နက်ထုတ်လုပ်ရေးနည်းပညာ ထုတ်လုပ်ပေးတာမျိုးတွေ၊ စစ်ပညာသင်ကြားပေးတာမျိုးတွေ တလျှောက်လုံးလုပ်လာခဲ့တာပါ။ ဒါကတော့ ထူးခြားတဲ့အခြေအနေ မဟုတ်သလို ဒီတော်လှန်ရေးရဲ့ စိန်ခေါ်ချက်တွေထဲမှာ ထည့်သွင်းစဉ်းစားရမယ့်ကိစ္စတွေဖြစ်တယ်လို့ ကျနော်တို့က မြင်ပါတယ်။

မေး။ ။ တရုတ်အနေနဲ့ မြန်မာလူထုရဲ့ဆန္ဒကို လျစ်လျူရှုပြီး စစ်တပ်ကို ကျောထောက်နောက်ခံပြုပေးနေတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ။ ။ ဒီဘက်နောက်ပိုင်းနှစ်တွေမှာတော့ တရုတ်နိုင်ငံဟာ သူ့ရဲ့ဖွံ့ဖြိုးလာတဲ့စီးပွားရေး၊ နည်းပညာ၊ စစ်အင်အားနဲ့အတူ ကမ္ဘာ့အစီအစဉ်မှာ ဦးဆောင်ဦးရွက်ပြုတဲ့ မဟာအင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ ရပ်တည်လိုတဲ့သဘောကို ဖော်ပြလာတာတွေ့ရပါတယ်။ ရုရှားက ယူကရိန်းအပေါ်မှာပြုလုပ်တဲ့ ဒီကျူးကျော်စစ်ကို ကြားဝင်ညှိနှိုင်းမှုပြသနာတွေ၊ အစ္စရေး၊ ပါလက်စတိုင်း ကိစ္စမျိုးတွေမှာလည်း သဘောထားမှတ်ချက်ပေးတာမျိုးတွေ လုပ်လာတွေရှိပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံကတော့ အိမ်နီးချင်းနိုင်ငံလည်းဖြစ်တဲ့ တလျှောက်လုံးလည်း ဘက်ပေါင်းစုံကဆက်ဆံလာတာမျိုးတွေ လုပ်‌လာတာမျိုးတွေလည်းရှိတယ်။ ကျနော်တို့နိုင်ငံကတော့ ပိုဆိုးဆိုးဝါးဝါး အစွက်ဖက်ခံရတာမျိုးရှိပါတယ်။ “၁၀၂၇ ပထမလှိုင်း” ကို ကြည့်မယ်ဆိုရင်လည်း တရုတ်ဟာ သူ့နိုင်ငံရဲ့အမျိုးသားအန္တရာယ်လို့ ပြောလို့ရတဲ့ ကျားဖြန့်နှိမ်နှင်းရေးအတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ နီးနီးကပ်ကပ် ဆက်ဆံတာရှိသလို တပြိုင်နက်ထဲမှာပဲ စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တာမျိုးတွေ တွေ့ရပါတယ်။

အဲဒီတော့ တရုတ်ဟာ သူ့အကျိုးစီးပွားအထိုင်ကနေပြီး ဘက်ပေါင်းစုံဆက်ဆံနေတယ်ဆိုတာကို သတိမလွတ်ဖို့ လိုအပ်တယ်။ ကျနော်တို့အနေနဲ့ကတော့ တော်လှန်ရေးရည်ရွယ်ချက်အတိုင်းပဲ ဆက်ပြီးတော့သွားဖို့လိုတယ်။ အဲလိုမျိုးဆက်သွားရမှာဖြစ်တယ်လို့လည်း ပြောချင်တယ်။ တရုတ်အနေနဲ့ စစ်တပ်နဲ့ဆက်ဆံဖို့ စဉ်းစားတဲ့အခါမှာလည်း ဒီစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ထားတာမျိုးတွေ၊ လူပေါင်းများစွာကို တရားမဲ့သတ်ဖြတ်တာတွေကို ထည့်သွင်းတွက်ချက်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ သူဟာ နိုင်ငံတကာအလယ်မှာရော သူရဲ့ပြည်သူတွေရဲ့ အမြင်မှာပါ သူရဲ့လူသားမျိုးနွယ်အပေါ်မှာထားတဲ့ စံတန်ဖိုးတွေကို ပြန်လည်မေးခွန်းထုတ်စရာတွေ ဖြစ်လာနိုင်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဖြည့်စွက်ဘာများပြောလိုတာရှိလဲ။

ဖြေ။ ။ လေယာဉ်အသုံးပြုနိုင်မှုဟာ စစ်တပ်ရဲ့တခုတည်းသော အားသာချက်ဖြစ်ပါတယ်။ နေ့စဉ်လိုလို လေကြောင်းကနေတဆင့် ပြည်သူတွေကိုပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေလည်း စစ်တပ်အနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို တုန့်ပြန်နိုင်ဖို့ လက်နက်တွေ၊ နည်းပညာတွေမရှိပေမယ့် လေကြောင်းတိုက်ခိုက်မှု တစ်ခုချင်းစီကို စနစ်တကျ မှတ်တမ်းတွေထားရှိပါတယ်။ ဒီမှတ်တမ်းတွေဟာ တချိန်မှာ လေကြောင်းတိုက်ခိုက်ခံရမှုတွေကြောင့် ကွယ်လွန်သွားရသူတွေ၊ ကိုယ်ခန္ဓာစွန့်လွှတ်ရသူတွေ၊ အိုးအိမ်၊ ပစ္စည်းဥစ္စာဆုံးရှုံးရသူတွေအတွက် တရားမျှတမှုကို ပြန်လည်ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ လေးလေးနက်နက် ယုံကြည်ပါတယ်။

မေး။ ။ အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။