မြန်မာရွှေ့ပြောင်းလုပ်သားများကို ပြန်လည်လွှဲပြောင်းမှုအား သုံးသပ်ရန် ထိုင်းအစိုးရကိုတောင်းဆို

By MPM 22 စက်တင်ဘာ, 2024 👁

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းခံရသည့် ရွှေ့ပြောင်းအလုပ်သမားများကို စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းနေသည့်အတွက် တရားမဝင်မြန်မာလုပ်သားများ လွှဲပြောင်းပေးသည့် လုပ်ငန်းစဉ်များအား လူ့အခွင့်အရေးရှုထောင့်မှ ပြန်လည်သုံးသပ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံဘက်ခြမ်းမှ အာဏာပိုင်များက စက်တင်ဘာလ ပထမအပတ်ထဲတွင် လွှဲပြောင်းပေးခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စစ်ကောင်စီက ကော့သောင်းမြို့ဆိပ်ခံဘောတံတားတွင် စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ဖမ်းဆီးသွားခဲ့သည်။

ထိုင်းဘက်က ပြန်လွှဲပေးလိုက်သည့်သူများကို စစ်ကောင်စီက စစ်သားသစ်အဖြစ် စုဆောင်းလိုက်သည့်အတွက် ယခုကဲ့သို့ တောင်းဆိုလိုက်ရခြင်းဖြစ်သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ပြောရေးဆိုခွင့်ရှိသူ ဦးဗညားက ပြောသည်။

“ဒါကတော့ လူ့အခွင့်အရေးရှုထောင့် နောက်အခြားတဖက်မှာ လူ့အခွင့်အရေးရှုထောင့် ပြောမယ်ဆိုရင် သေချာတာတခုကတော့ အရမ်းကိုအန္တရာယ်များတယ်ပေါ့နော။ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာသည့် တိုင်အောင်တောင်မှ လူ့အခွင့်အရေးရှုထောင်ကနေ သူ့ကို ထိုင်းအစိုးရကဖမ်းဆီးပြီး နောက်ပိုင်းကြရင် ပြန်ပို့တဲ့ Process တွေမှာ လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်ပေးဖို့ လိုအပ်တာပေါ့နော်” ဟု ၎င်းက ပြောဆိုသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် ၎င်းတို့နိုင်ငံ၏ဥပဒေအရ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးပြီး နှစ်နိုင်ငံသဘောတူချက်အရ ပြန်လည်လွှဲပြောင်းပေးရမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် မြန်မာပြည်သူများ အန္တရာယ်ကြုံတွေ့နေရသောကြောင့် လုပ်ငန်းစဉ်များကို လူ့အခွင့်အရေး ရှု့ထောင့်ကနေ ပြန်လည်သုံးသပ်ပေးရန် ထိုင်းအာဏာပိုင်များကို တောင်းဆိုသည်ဟု ဦးဗညားက ဆိုသည်။

ကော့သောင်းမြို့ ဆိပ်ခံဘောတံတားတွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသည့် ရွှေ့ပြောင်းအလုပ်သမား ၂၇ ဦးမှာ စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းတက်ရောက်ရန် ငါးဖမ်းလှေ ၇ စီးနှင့် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ချိန် ၎င်းတို့နှင့်အတူ လိုက်ပါလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို ခုခံတိုက်ခိုက် သတ်ဖြတ်ခဲ့သည်။

ထိုသို့ ခုခံတိုက်ခိုက်ပြီးနောက် ရွှေ့ပြောင်းအလုပ်သမား ၂၇ ဦးသည် KNU တပ်မဟာ ၄ ရှိ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO တပ်ရင်း ၇၊ တပ်ခွဲ ၅ တွင် သွားရောက်ခိုလှုံခဲ့ကြကြောင်း သိရသည်။

အသက်ဘေးအန္တရာယ်မှ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာပြည်သူများကို ဖမ်းဆီးပို့ဆောင်နေခြင်းထက် လူသားချင်းစာနာသည့်အနေဖြင့် အကူအညီများပေးရန် ကရင်လူ့အခွင့်အရေးအဖွဲ့ – KHRG ပြောရေးဆိုခွင့်ရှိသူ စောန္ဒဆူးက ယခုလိုတောင်းဆိုသည်။

“အဓိကကြတော့ ဒီလိုမျိုးအန္တရာယ်ရှိတဲ့ အခြေအနေအောက်မှာ မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သူပြည်သား တွေအနေနဲ့ ထိုင်းနိုင်ငံကို တရားမဝင်နည်းနဲ့ပဲ ဝင်ရောက်လာနေတဲ့အခါမှာ သူတို့ကိုတော့ ဒါ လူသားချင်းစာနာ သောအားဖြင့်တော့ သူတို့အသက်အန္တရာယ် စိုးရိမ်ရတဲ့အတိုင်းအတာအထိ ပြန်ပို့ပေးခြင်းကိုတော့ မလုပ်စေချင် ဘူး။ ဒီလိုလုပ်ခြင်းအားဖြင့်ဟာ ဆိုလို့ရှိရင် မြန်မာပြည်သူလူထုတွေကို ထပ်ဆင့်ထပ်မံပြီးတော့မှ ဒုက္ခရောက် အောင် လုပ်တာနဲ့အတူတူပဲ၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်အောင် လုပ်ဆောင်တာနဲ့ အတူတူ သက်ရောက်တယ်ပေါ့လေ”

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးကိုခံနေရသည့် ပြည်သူများနှင့် စစ်ကောင်စီက ပြဌာန်းလိုက်သော စစ်မှုထမ်းဥပဒေကြောင့် လူငယ်များနှင့် အလွှာအသီးသီးက မြန်မာပြည်သူများမှာ နည်းမျိုးစုံဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုသို့ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ၏ဥပဒေအောက်တွင် အကာအကွယ်ပေးရန် မေတ္တာရပ်ခံတောင်းဆိုသည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က ပြောသည်။

“ကျမတို့က ဟိုဘက်မှာက ကျမတို့ရဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက်ခံနေရတာဖြစ်တယ်။ ကျမတို့ မလုံခြုံတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ဒါ ပြည်ပနိုင်ငံမှာလာပြီး ခိုလှုံရတာဖြစ်တယ်ပေါ့။ အဲတော့ ပြန်မပို့ဖို့က ကျမတို့ ပထမဦးဆုံး အရေးကြီးတယ်လို့ ပြောချင်တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး နာင်းမို့မို့က “ပြီးလို့ရှိရင်တော့ ကျမတို့က ထိုင်းနိုင်ငံအနေနဲ့ဆိုရင်လည်း ပုံစံမျိုးစုံနဲ့ ရောက်ရှိလာတဲ့ ကျမတို့လူငယ်တွေပေါ့နော် လူသားအရင်းအမြစ်တွေကို ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ဥပဒေအရပေါ့နော် အကာအကွယ်တွေပေးဖို့ကို နည်းလမ်းပေါင်းစုံ စဉ်းစားပြီးတော့ အဖြေရှာဖို့ကိုလည်း ကျမတို့ ထိုင်းရဲ့ အာဏာပိုင် တွေကိုပေါ့နော် တိုက်တွန်းချင်တယ်” ဟု ပြောသည်။

စစ်ကောင်စီက ထိုင်းဘက်ခြမ်းမှ လွှဲပြောင်းပေးလိုက်သည့် ရွှေ့ပြောင်းအလုပ်သမားများကို ကော့သောင်းမြို့ ဆိပ်ခံဘောတံတားတွင် အတင်းအဓမ္မဖမ်းဆီးခဲ့ပြီးနောက် စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ငါးဖမ်းလှေ ၇ စီးနှင့် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ထိုကဲ့သို့လုပ်ဆောင်ချက်မှာ စစ်မှုထမ်းဥပဒေနှင့် သွေဖယ်နေသည့်အပြင် ပြည်သူအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကုစားပေးမှု မလုပ်သည့်အပေါ် အပြင်းအထန်ရှုတ်ချသည်ဟု ဦးဗညားက ဆက်ပြောသည်။

“သူများနိုင်ငံမှာ အဖမ်းခံရပြီး ကိုယ့်နိုင်ငံပြန်ပို့တဲ့အချိန်မှာ ကျနော်တို့ခေါ်တာက ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုတွေ လုပ်ငန်းတွေလုပ်ပေးရမှာ ဖြစ်တာပေါ့။ အခုမလုပ်ဘဲနဲ့ တပြိုင်နက် ဖမ်းဆီးပြီးတော့မှ စစ်မှုထမ်းခိုင်းခြင်းဟာ ဒါက အတင်းအဓမ္မ စစ်သားစုဆောင်းရာရောက်တာပေါ့။ ဒါက စစ်မှုထမ်းခြင်းဥပဒေနဲ့ သွေဖယ်တာပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချရမှာက ဒီစစ်ကောင်စီရဲ့ လုပ်ရပ်ကို ပိုပြီးတော့မှ ပြင်းပြင်းထန်ထန် ရှုတ်ချရမှာ ဖြစ်တာပေါ့နော်”

ထိုင်းဘက်ကနေ မြန်မာဘက်ကို ပြန်လွှဲပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများထဲက ၂၇ ဦးသာ စစ်ကောင်စီလက်မှ လွတ်မြောက်ခဲ့ကြသော်လည်း ကျန်ငါးဖမ်းလှေများပေါ်တွင် ပါသွားသူများမှာမူ စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းကို ပါသွားခဲ့သည်။ သို့သော် အရေအတွက်အတိအကျကိုမူ မသိရှိရသေးပေ။

NMG ပေးပို့သည်။