ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများတည်ရှိရာ မဒေးကျွန်းအနီး သံဇစ်မြစ်အတွင်း ရေလုပ်ငန်းဖြင့် အသက်မွေးသူများမှာ စစ်ကောင်စီ၏ နှောင့်ယှက်မှုများကြောင့် ဘဝရပ်တည်ရေး ခက်ခဲလာကြောင်း ပြောဆိုကြသည်။
မဒေးကျွန်း၊ စစ်တော၊ ငစိမ့်ပြင်၊ ဦးကင်း၊ စိုင်ခြုံ၊ သဲတန်း၊ သဲချောင်း၊ ဂန့်ဂါ၊ ဂြင်ကြီး အုပ်စုတို့မှ ကျေးရွာပေါင်း ၄၀ ခန့်သာမက ပြင်ဖြူမော်၊ ကညင်တော၊ ငလပွေ့၊ တောင်းရင်း ရပ်ကွက်တို့မှ ဒေသခံများမှာ သံဇစ်မြစ်တလျှောက် ရေလုပ်ငန်းဖြင့် မိသားစုစားဝတ်ရေးကို ဖြေရှင်းနေကြခြင်းဖြစ်သည်။
အဆိုပါကျေးရွာဒေသခံတို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ မှစ၍ စစ်ကောင်စီက ငွေညှစ်တောင်းခံခြင်း၊ တားမြစ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းအပြင် လူကိုဖမ်းဆီး၍ စက်လှေနှင့် ပိုက်ကွန်များကိုပါ သိမ်းဆည်းခြင်း စသည့် အန္တရာယ်မျိုးစုံကို ရင်ဆိုင်နေရသည်ဟု ပြောဆိုကြသည်။
မဒေးကျွန်းမှ ရေလုပ်သားတစ်ဦးက “အဓိကတော့ စစ်သင်္ဘောတွေက ကျနော်တို့ကို ဒုက္ခပေးနေတာ။ တခါတလေဆို သေနတ်နဲ့လှမ်းပစ်ခံရလို့ လှေပေါ်ကနေဆင်းပြီး ရေကူးလာရတာမျိုး ရှိတယ်။ တချို့ဆိုရင် လုပ်ကိုင်စားသောက်နေတဲ့လှေ အသိမ်းခံလိုက်ရပြီး လူကိုပါ တစ်ရက်၊ နှစ်ရက်လောက် ဖမ်းချုပ်ခံရတာရှိတယ်” ဟု ပြောသည်။
စစ်တောအုပ်စု၊ ကြံချိုင်ကျေးရွာမှ ဒေသခံအမျိုးသား ၂ ဦးမှာ စက်တင်ဘာ ၁ ရက်နေ့က သံဇစ်မြစ်အတွင်း ငါးဖမ်းနေစဉ် စစ်သင်္ဘော၏ ဖမ်းဆီးမှုကိုခံရပြီး စက်တင်ဘာ ၃ ရက်နေ့တွင် အာမခံဖြင့် ပြန်လွတ်လာခဲ့သည်ဟု ဆိုသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ နှောင့်ယှက်မှုများကို ပြီးခဲ့သည့် နိုဝင်ဘာလကစ၍ ကြုံတွေ့လာရခြင်းဖြစ်သော်လည်း ယခုလပိုင်းအတွင်း အခြေအနေပိုဆိုးလာသောကြောင့် ရေလုပ်ငန်းကို ရပ်နားထားသူ များပြားလာနေကြောင်း ဒေသခံရေလုပ်သားများက ပြောသည်။
“သံဇစ်မြစ်ကို တူးဖော်မယ်လို့ ကြေညာထားတဲ့လကစပြီး အရင်ထက် ပိုပြီးကြောက်ရတယ်။ အရင်ကဆိုရင် နည်းနည်းပါးပါး လုပ်စားလို့ရသေးတယ်။ အခုက စစ်သင်္ဘောတွေကလည်း သွားလာမှုတွေ ပိုများလာတယ်။ ဒါကြောင့် မိသားစုစားဝတ်နေရေး ခက်ခဲပေမယ့် ငါးရှာဖို့ကို မပြောနဲ့၊ မြစ်ထဲကို ဆင်းဖို့အတွက်တောင် လူတွေက တော်တော်လေး ကြောက်နေကြတယ်” ဟု အလုပ်ရပ်နားထားသည့် စိုင်ခြုံကျေးရွာသားတစ်ဦးက ပြောသည်။
တရုတ်စီမံကိန်းရှိရာ မဒေးကျွန်းဆိပ်ကမ်းသို့ ရေနံတင်သင်္ဘောကြီးများ သွားလာရလွယ်ကူရန် ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ သံဇစ်မြစ်ကို တူးဖော်မည်ဟုဆိုကာ စစ်ကောင်စီက ဒေသခံများကို သံဇစ်မြစ်အတွင်း ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းခြင်းများ မလုပ်ရန် တားမြစ်ထားသည်။
သံဇစ်မြစ်တူးဖော်မှု လုပ်ဆောင်နေစဉ် စစ်သင်္ဘောများဖြင့် လုံခြုံရေးတင်းကျပ်ထားခြင်းဖြစ်သည်။
ကျောက်ဖြူမြို့နယ်သည် ဘင်္ဂလားပင်လယ်အော်တွင်တည်ရှိပြီး မြစ်ချောင်းပေါများသည့်အလျောက် ဒေသခံအများစုမှာ ခေတ်အဆက်ဆက် ရေလုပ်ငန်းဖြင့် အသက်မွေးလာကြသူများ ဖြစ်ကြသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်မှု မရှိသေးသော်လည်း လမ်းခရီးသွားလာမှုအပြင် စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ယူမှုများကို စစ်ကောင်စီက ပိတ်ဆို့ထားသောကြောင့် ဒေသခံများမှာ ကျပ်တည်းခက်ခဲမှုမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။
အောင်ထိန် (DMG) ပေးပို့သည်။