မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ထောင်ချီရှိလာနေပြီး အဆိုပါစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်ချက် များပြားလာနေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း၌ တိုက်ပွဲများဖြစ်ပွားပြီးသည့်နောက် စေတုတ္တရာမြို့နယ်ရှိ ဝန်လို၊ ခိုနန်း၊ မုန်ညင်းကျေးရွာများမှာ စစ်ဘေးရှောင် ၁၄၀၀ ကျော် ရှိနေသည်ဟု ဆိုသည်။
ဒေသခံတစ်ဦးက “စုဆောင်းထားတဲ့ဟာတွေကလည်း စစ်တပ်နဲ့ပျူစောထီးတွေက အကုန်သယ်သွားတယ်။ အခု ကာကွယ်ရေးအဖွဲ့တွေကတော့ ကူညီနေတယ်။ ဒါပေမဲ့လို့ လုံလုံလောက်လောက် မရရှိသေးဘူး” ဟု ပြောသည်။
မြို့ချင်းနီးစပ်သည့် ပွင့်ဖြူမြို့နယ်သည် ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များ အဓိကလှုပ်ရှားသော နယ်မြေဖြစ်သည့်အတွက် ပွင့်ဖြူ ပ.က.ဖ အပါအဝင် တပ်ရင်းတပ်ဖွဲ့များ၊ စေတုတ္တရာမြို့နယ်မှ ပ.က.ဖ၊ ပ.အ.ဖ နှင့် လူကယ်ပြန်တို့က စစ်ဘေးရှောင်များကို ကူညီနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ကျွန်တော်တို့မှာလည်း တတ်စွမ်းသမျှ မျှဝေပေးတာတွေ၊ အထက်ကပေးတာတွေကို ကူညီမျှဝေပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေက ယာယီပဲဖြေရှင်းဖို့တောင် မလုံလောက်သေးပါဘူး” ဟု ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များအတွက် အဓိက လိုအပ်နေသောပစ္စည်းများမှာ ဆန်၊ ဆီ၊ ဆားနှင့် တကိုယ်ရေသုံး အသုံးဆောင်များဖြစ်ပြီး ယင်းပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက်လည်း စစ်ကောင်စီက ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
ထို့ပြင် စစ်ရှောင်ကျေးရွာများသည် ဝါးလုပ်ငန်းကိုသာ အဓိကထားရသည့်အတွက် ဝယ်ယူသူမရှိသည့်အတွက် ဝင်ငွေလည်းမရရှိဘဲ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။
သံလွင်တိုင်းမ် ပေးပို့သည်။