ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး စက်တင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းတွင်လည်း ပေါင် ၅၀၀ ဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီက စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၄ နာရီခန့်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအသေးများဖြင့် မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတချို့လည်းရှိခဲ့သည်ဟု မင်းတပ်မြို့ခံများက ပြောသည်။
မင်းတပ်မြို့ခံတဦးက “မနက်က လေးနာရီကျော်မှာ မြို့ပေါ်အနီးအနားမှာ တောက်လျှောက်ပဲ လာကြဲတာ၊ ရပ်ကွက်ထဲတော့ မကျဘူး။ ထိခိုက်မူက သေချာမဆက်သွယ်တော့ မသိရသေးဘူး။ လောလောဆယ်တော့ ကိုယ့်ဘာသာ လုံခြုံအောင်ပုန်းနေတာပဲ။ သူတို့က လေကြောင်းက တည်နေရာသေချာထောက်ပြီးတော့ ချတယ်ဆိုတော့ အပျက်အစီး၊ အထိအခိုက်ရှိမှာပဲ” ဟု ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် မင်းတပ်မြို့မှ ၂ မိုင်ခန့်အကွာ ဝဥခြံထဲ ဗုံးကျရောက်ပေါက်ကွဲသွားသည်ဟုသိရပြီး ထိခိုက်ပျက်စီးမှု အခြေအနေအားမသိရကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းကလည်း မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁) ဘက် မိုင် ၄၀ ကျေးရွာအနီးနားတဝိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး စက်တင်ဘာလ ၁၆ ရက် နေ့ကလည်း မင်းတပ်နှင့် ကျောက်ထုအကြား တနေရာကို ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးအသေးများဖြင့် တိုက်ခိုက် ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မင်းတပ်မြို့နယ်တွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ယခုစက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၇ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။
KMG ပေးပို့သည်။