တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာထဲတွင် အရပ်သားပြည်သူ ၃၀ ဝန်းကျင် သတ်ဖြတ်ခံထားရပြီး သေဆုံးနေသည့် ရုပ်အလောင်းများကို သယ်ထုတ်လို့မရဘဲ လူသွားလမ်းပေါ်တွင် ပုပ်ပွနေသည်ကို တွေ့ရသည်ဟု ဆိုင်းတောင်ဒေသခံများက ပြောဆိုသည်။
ပစ်သတ်ခံထားရသည့် ရုပ်အလောင်းများသည် စစ်ကောင်စီတပ်က ဆိုင်းတောင် Lucky Man Hotel ဟိုတယ်ကနေ စနှိုက်ပါနှင့် ပစ်သတ်ခဲ့မှုအပြင် နှစ်ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုအတွင်း လက်နက်ကြီးထိမှန်သေဆုံးမှု လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများဖြစ်သည်ဟု ဖားကန့်၊ ဆိုင်းတောင်တွင် ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါသည်။
“မျက်မြင်သက်သေအရ ပြောရမယ်ဆိုရင် စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်သတ်လိုက်တာ၊ လေယာဉ်နဲ့ဗုံးကြဲလို့ သေဆုံးသွားတာ၊ စစ်ကောင်စီတပ်သားတွေ Lucky Man Hotel ကနေ စနှိုက်ဘာနဲ့ ချိန်ပစ်တာတွေ၊ လမ်းပေါ်သွားလာတဲ့သူတွေကို လှမ်းပစ်တာ အားလုံး ဒီရက်ပိုင်းအတွင်းမှာပဲ သေဆုံးတာ ၃၀ လောက်ရှိပြီဗျာ။ အခုချိန်အထိ တချို့ရုပ်လောင်းတွေကို ကောက်ယူလို့မရသေးဘူး” ဟု ၎င်းက ပြောသည်။
သေဆုံးနေသည့် ရုပ်အလောင်းများသည် လူသွားလမ်းလမ်းပေါ်တွင် ပုပ်ပွနေပြီး ကောက်ယူလို့မရသည့်အပြင် ဆိုင်းတောင်ကျေးရွာထဲရှိ နေအိမ်များလည်း ဆက်တိုက် မီးရှို့ခံနေရသည်ဟု အဆိုပါဒေသခံက ဆက်ပြောသည်။
ဆိုင်းတောင်ကျေးရွာထဲ၌ စက်တင်ဘာ ၁၇ ရက်နေ့အထိ ရုပ်အလောင်း ၃၀ ထက်မနည်းသေဆုံးနေပြီး သေဆုံးသူများထဲတွင် အရပ်သားအများဆုံးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းအကျဉ်းပါဝင်သည်ကိုသိရသည်ဟု စစ်ရေးသတင်ရင်းမြစ်က ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်နှင့် ရှမ်းနီ SNA တပ်ပူးပေါင်းပြီး လူနေအိမ်များအပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် Lucky Man Hotel ရှိသည့် ရပ်ကွက် ၄ ရှိ နေအိမ် ၄၀၀ ဝန်းကျင် အများဆုံး မီးရှို့ခံရကြောင်း ၎င်းကဆက်ပြောသည်။
စက်တင်ဘာ ၇ ရက်နေ့ တိုက်ပွဲစတင်ခဲ့ပြီး ၆ ရက်အကြာ စက်တင်ဘာလ ၁၂ ရက်နေ့တွင် KIA ပူးပေါင်းတပ်က ဆိုင်းတောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတွင် နှစ်ဖက်တိုက်ပွဲ ပိုပြီးပြင်းထန်လာသလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်နေသည်ဟု ဆိုင်းတောင်ဒေသခံများက ပြောသည်။
ဆိုင်းတောင်တွင် ကူညီဆောင်ရွက်ပေးနေသူက “နေအိမ်တွေ မီးလောင်တာခန့်မှန်းတာ လေးရာကျော်၊ ငါးရာလောက်ရှိတယ်။ အဓိကတော့ ရပ်ကွက် (၄) နဲ့ ဖားပြင်လမ်းဘက်ကို ဆိုးဆိုးရွားရွာ မီးရှို့ခံထားရတာ။ ဒီဖြစ်စဉ်မှာက သေချာစုံစမ်းကြည့်ရသလောက်က စစ်ကောင်စီတပ်သားတွေရဲ့ ခိုင်းစေမှုနဲ့ ရှမ်းနီ SNA တပ်သားတွေလည်းပါတယ်လို့ သိရပါတယ်” ဟု ပြောသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်တွင်လည်း ဆိုင်းတောင်၊ ယူမာကျေးရွာဘက်ရှိ လူနေအိမ်များ ထပ်မံမီးလောင်ပျက်စီးနေသည်ဟု ၎င်းက ဆက်ပြောသည်။
ဆိုင်းတောင်ကျေးရွာထဲရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရတာကြောင့် အိမ်ခြေ ၄၀၀ ကျော်ဝန်းကျင် မီးလောင်ပျက်စီးသွားပြီး ဖားပြင်ကျေးရွာဘက်တွင် အများဆုံးနှင့် အဆိုးရွာဆုံးဖြစ်ကြောင်း သိရသည်။
Lucky Man Hotel ထဲရှိ စစ်ကောင်စီတပ်သားများ ထွက်လာလို့မရအောင် KIA ပူးပေါင်းတပ်များက လမ်းကြောင်းပိတ်ဆို့တိုက်ခိုက်နေတာကြောင့် တဖက်တွင် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟုလည်း ဖားကန့်ဒေသခံများက ပြောသည်။
ဆိုင်းတောင်ကျေးရွာထဲတွင် အရပ်သားသေဆုံးမှုနှင့် နေအိမ်မီးရှို့ခံရမှု အလွန်များနေသော်လည်း စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များကြား စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေသေးဟုလည်း ဒေသခံများက ပြောဆိုသည်။
KNG ပေးပို့သည်။