ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကနေ ဧရာဝတီမြစ်အထက်ဘက် ဗန်းမော်မြို့နယ်ကို ဦးတည်ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောများ ကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပြန်ဆုတ်ခွာသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။
ရွှေကူမြို့နယ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် စစ်သင်္ဘော ၅ စီးသည် စက်တင်ဘာလ ၁၇ ရက်နေ့ မနက်အစောပိုင်းက ဗန်းမော်မြို့နယ်ဘက်ကို ဦးတည်ဆန်တက်လာချိန် ဧရာဝတီမြစ်တလျောက်ရှိ ဇင်းဘုံရွာအဝင်၌ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။
KIA သတင်းရင်းမြစ်တစ်ဦးက “ဒီမနက် (စက်တင်ဘာ ၁၇ ရက်) ရွှေကူကနေတက်လာတဲ့ စစ်သင်္ဘော ၅ စီး ရွှေကူအထက်ဘက်မှာ ကျနော်တို့ KIA နဲ့ PDF တွေ ပစ်ခတ်တာ ၉ နာရီ နဲ့ ၁၀ နာရီကြားလောက်မှာ။ သင်္ဘော ၂ စီး ပျက်သွားပြီးတော့ ရွှေကူကိုအားလုံး ပြန်ဆုတ်သွားတယ်” ဟု ပြောဆိုသည်။
ရွှေကူဆိပ်ကမ်းမှ စစ်သင်္ဘော စတင်ထွက်ခွာချိန် မနက်ပိုင်း ၈ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်မှုလုပ်ခဲ့သလို မြေပြင်စစ်ကြောင်းကနေလည်း ရွှေကူမြို့တွင်း စစ်ကြောင်းပတ်ထိုးရန် ပြင်ဆင်ထွက်ခွာလာသည်ကိုတွေ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရွှေကူမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “၈ နာရီလောက်က စထွက်တယ်။ ကုန်းကြောင်းကလည်း ရွှေကူမြို့အထွက် ဆိုင်းဘုတ်နားမှာ ဘာလုပ်မလို့လဲမသိဘူး၊ ထိုးကူဖို့ ပြင်တာပေါ့လေ။ လေကြောင်းကလည်း တောက်လျှောက်ပစ်နေတာ။ သင်္ဘောကလည်း တောက်လျှောက်ပဲပစ်တာ” ဟု ပြောသည်။
ထိုစစ်သင်္ဘောများသည် ပြီးခဲ့သည့် ဩဂုတ်လနောက်ဆုံးအပတ်က မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာခြင်းဖြစ်ပြီး ဆန်တက်လာသည့် ဧရာဝတီမြစ်ကြောင်းတလျှောက်လည်း ကာကွယ်ရေးတပ်များဘက်က ဆက်တိုက်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့်လည်း ထိုစစ်သင်္ဘောများသည် ရွှေကူမြို့နယ်အရောက်တွင် ဆိပ်ကမ်း၌ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင်ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီကို ဦးတည်ဆန်တက်လာချိန်တွင် ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုခံခဲ့ရခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
စစ်သင်္ဘောဆန်တက်လာသည့် မြစ်ကြောင်းတလျှောက်လုံးတွင်လည်း လေကြောင်းပစ်ကူ ဆက်တိုက်အသုံးပြုမှု လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ မြို့ရွာများက ဒေသခံအရပ်သားများထိမှန်ပြီး ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
KNG ပေးပို့သည်။