ရှမ်းမြောက်၊ မုံးပေါ်ဒေသတွင် KIO/KIA နှင့် MNDAA လက်နက်ကိုင်တပ်နှစ်ခုကြား ရံဖန်ရံခါတင်းမာမှုများ ရှိနေဟုဆို

0
132
ပုံစာ - စက်တင်ဘာလ ၇ ရက်နေ့မုံးပေါ်ဒေသတွင် KIA နှင့် MNDAA တပ်ဖွဲ့များကြား အချင်းများနေကြစဉ်။

ရှမ်းပြည်မြောက်ပိုင်း၊ မုံးကိုးမြို့နယ် မုံးပေါ်ဒေသတွင်း KIO/KIA နှင့် MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား ရံဖန်ရံခါ တင်းမာမှု ရှိနေတာကြောင့် ဒေသခံပြည်သူများ နေထိုင်သွားလာရေးသာမက အဖက်ဖက်၌ အခက်ကြုံနေရသည် ဟု မုံးပေါ်ဒေသခံများက ပြောဆိုသည်။

မုံးပေါ်၊ မန်နောင်ရွာဒေသခံတစ်ဦးက “အစကတည်းက KIO/KIA ရှိနေပြီးသား နေရာဖြစ်ပေမယ့် ကိုးကန့်တပ် MNDAA က စစ်တပ်ကို မောင်းထုတ်နိုင်ခဲ့တာဆိုတော့ သူတို့သိမ်းတဲ့နေရာ သူတို့ဟာဆိုပြီး သတ်မှတ်ထားပုံ ရတယ်။ အဲကြောင့် အခုက ဒီအဖွဲ့က ဟိုအဖွဲ့နောက်မပါရဘူး၊ ဟိုဘက်ကလည်း ဒီဘက်ကို မပါရဘူးဆိုပြီး ပြောထားတာတွေ ရှိတယ်။ ပြည်သူတွေက နှစ်ဖွဲ့စလုံးကို ကြည့်နေရတာဆိုတော့ ကြားထဲမှာနေရခက်နေတယ်” ဟု ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”ကာလအတွင်း ကိုးကန့် MNDAA တပ်ဖွဲ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၆) နယ်မြေဖြစ်သည့် မူဆယ်ခရိုင် မုံးပေါ်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

ယင်းနောက် မုံးပေါ်ဒေသသည် KIO/KIA နှင့် MNDAA လက်နက်ကိုင်နှစ်ဖွဲ့ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။

လက်ရှိ၌ မုံးပေါ်ဒေသကို MNDAA က သိမ်းပိုက်ထားပြီဖြစ်ပေမယ့် ယခင်ကတည်းက ကချင်တိုင်းရင်းသားမျိုးနွယ်စု အများစုနေထိုင်ရာ ဒေသဖြစ်သလို ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တပ်မဟာ (၆) လှုပ်ရှားရာ နယ်မြေ၊ အခြေချနယ်မြေအဖြစ် အုပ်ချုပ်မှုယန္တရား လည်ပတ်နေကြောင်း သိရသည်။

KIO/KIA လွမ်းမိုးမှုရှိခဲ့သည့် မုံးပေါ်ဒေသတွင် ကိုးကန့် MNDAA တပ် ဝင်ရောက်လာချိန် လက်ရှိတွင် အဖွဲ့အစည်း ၂ ဖွဲ့၊ အစိုးရ ၂ ခု ကဲ့သို့ ဖြစ်နေပြီး အုပ်ချုပ်ရေးလုပ်ငန်းများတွင် အချင်းချင်းတားမြစ်ပိတ်ဆို့ခြင်း စသည့်ပြဿနာများ ကြုံနေကြရသည်ဟု ဒေသခံများက ပြောသည်။

မုံးပေါ်ဒေသခံအမျိုးသမီးတစ်ဦးက “အခု ဒီမှာက ဘယ်အဖွဲ့က အုပ်ချုပ်နေတာလားတောင် မသိဘူး။ အဖွဲ့က ၂ ဖွဲ့ ရှိတာဆိုတော့ ပြည်သူတွေက သွားလာရေးမှာ အဆင်မပြေတာတွေရှိတယ်။ ရွာမှာ အဖွဲ့နှစ်ဖွဲ့နဲ့ ရှုပ်ယှက်ခတ် နေလည်း ဒီလိုပဲနေနေတယ်။ သူတို့အချင်းချင်း တခါတလေတော့ ပြဿနာတွေဖြစ်၊ တခါတလေတော့ ပြန်အဆင်ပြေကြနဲ့ အဲလိုပဲရှိနေတယ်” ဟု ပြောသည်။

ထိုသို့ လက်နက်ကိုင်အဖွဲ့ ၂ ခုကြား အငြင်းပွားမှု ပြဿနာများ ရှိနေတာကြောင့် ဒေသခံများသည် နေထိုင်သွားလာရေးတွင် ပိုပြီးအခက်ကြုံရသလို၊ အလုပ်အကိုင် ငွေရေးကြေးရေးရှာဖွေရာတွင်လည်း အခက်အခဲဖြစ်ရသည်ဟု အဆိုပါဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

လက်ရှိချိန်ထိလည်း မုံးပေါ်ဒေသတွင် အုပ်ချုပ်မှုယန္တရားကို KIO/KIA နှင့် MNDAA နှစ်ဖက်စလုံးက အတည်တကျ အုပ်ချုပ်မှုမျိုး မရှိသေးဟုလည်း ဒေသခံများက ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က မုံးပေါ်ဒေသ မုံယာ (Mungya)၊ မုံးဟောမ် (Mungghawm) ကျေးရွာတွင် KIO/KIA အဖွဲ့က လိုက်ကပ်ထားသည့် မူးယစ်တိုက်ဖျက်ရေး သတိပေး ဆိုင်းဘုတ်၊ ဗီနိုင်းများကို ကိုးကန့်တပ် MNDAA က အတင်းအဓမ္မ လိုက်လံဖျက်ဆီး၊ ဖြုတ်သိမ်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း လောက်ကိုင်ဘက်သွားသည့်လမ်းရှိ နမ့်ဂျရပ် (Nam Jarap) ကျေးရွာတွင် KIO/KIA ၏ မူးယစ်တိုက်ဖျက်ရေး ဆိုင်းဘုတ်များကို ကိုးကန့်ဘက်က လိုက်လံဖြုတ်သိမ်းခဲ့တာကြောင့် နှစ်ဖက်တပ်အကြား ပြဿနာဖြစ်နေသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။

ယင်းအပြင် ကိုးကန့်တပ် MNDAA တပ်က KIO/KIA လက်အောက် ပညာရေးကျောင်းဖွင့်ခြင်း၊ ကျေးရွာ နာမည်စာရင်း ကောက်ခံခြင်း၊ စျေးတန်း အခွန်ကောက်ခံခြင်း၊ သစ်တောတားမြစ်ချက်၊ မူးယစ်တိုက်ဖျက်ရေးနှင့် ဆိုင်သည့် လုပ်ငန်းများကို လိုက်လံပိတ်ဆို့ တားမြစ်နေတာတွေကြောင့် တပ်ဖွဲ့နှစ်ခုကြား ပြဿနာများ ဆက်တိုက် ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

ယခုလို မုံးပေါ်ဒေသတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း အုပ်ချုပ်ရေးပိုင်းနှင့် ပတ်သက်ပြီး ပြဿနာများ ဆက်တိုက် ဖြစ်ပွားနေမှုကြောင့် ဒေသခံများအတွက် စိတ်မချမ်းမြေ့ကြရဘဲ ဒေသခံလူထုလိုလား သည့် အစိုးရကို တရားမျှတသည့်လမ်းစဉ်နှင့် ဦးဆောင်အုပ်ချုပ်စေလိုသည်ဟု ဒေသခံများက ပြောသည်။

မုံးပေါ်ဒေသ မိုင်ဖန်ရွာခံအမျိုးသားတစ်ဦးက “အစက စစ်ကောင်စီအစိုးရရှိတဲ့အချိန်က KIA/KIO လည်း အတူရှိတယ်။ အဲဒီအချိန်တုန်းက ဥပမာ- ကိုးကန့်တွေ ရွာထဲဝင်မယ်ဆိုရင် KIA ဆီ ခွင့်တောင်းရတယ်။ ဘယ်မှာဝင်လို့ ရမယ်၊ ဘယ်မှာ နားမယ်၊ ဘာတွေလုပ်မယ်ဆိုပြီး အသိပေးမှ KIA က ရတယ်၊ ခွင့်ပြုတယ်ဆိုမှ ဝင်နား၊ ဝင်အိပ်လို့ ရတာ ဖြစ်တယ်။ ဒီနေ့ စစ်ကောင်စီတပ်ကို မောင်းထုတ်လိုက်နိုင်တဲ့အချိန်ကြတော့ ငါတို့ပစ်တာ ငါတို့သိမ်းတာ ငါတို့ပဲ အုပ်ချုပ်မယ်ဆိုပြီး လုပ်လာတာပေါ့” ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသခံပြည်သူများသည် စစ်အာဏာရှင်စနစ်ကို မလိုလားတာကြောင့် အားလုံးပါဝင် တွန်းလှန်ခဲ့ကြပေမဲ့ လက်ရှိ၌ ကိုးကန့်တပ် MNDAA သည် တရုတ်ကွန်မြူနစ်စနစ်နှင့် ပိုဆန်သော အာဏာရှင် လုပ်ရပ်များဖြင့် အုပ်ချုပ်နေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here